လာမယ့် ဒီဇင်ဘာမှာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးလ်တိုုက်စစ်ကစားသမား နေမာဟာ ဥရောပမှာ ပြန်ကစားခွင့်ရဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
နေမာ(၃၃ နှစ်)ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ဆန်းတို့စ်အသင်းမှာ အစပြုခဲ့သူဖြစ်ပေမဲ့ ဘာစီလိုနာနဲ့ PSG အသင်းတွေမှာ ယှဉ်ပြိုင်ကစားပြီး ဥရောပမှာ အများဆုံးကျင်လည်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ၂၀၂၅ ဇန်နဝါရီမှာမှ ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ လမ်းခွဲကာ ငယ်ဘဝအသင်းဟောင်း ဆန်းတို့စ်ကို ပြန်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ဒီဇင်ဘာ(၃၁)မှာ အဆုံးသတ်မှာပါ။
နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဥရောပမှာ ပြန်လည်ခြေစွမ်းပြနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး စီးရီးအေကလပ် နာပိုလီနဲ့ အင်တာမီလန်အသင်းတွေကို ချဉ်းကပ်ကြိုးပမ်းနေကြောင်း သိရပါတယ်။
အဲဒီအသင်းတွေက ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက နေမာကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ကြပေမဲ့ နေမာရဲ့ အေးဂျင့် ဇဟာဗီနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အသင်းတွေဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီမှာ သဘောထားပြောင်းလဲဖွယ်ရှိနိုင်ကြောင်း နီးစပ်သူတချို့က သုံးသပ်ထားပါတယ်။















