ပြင်ဦးလွင်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၅ ရက်က တပ်မတော်သားအယာင်ဆောင်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့သည့် အမျိုးသားတစ်ဦးကို စက်တင်ဘာ ၆ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စက်တင်ဘာ ၅ ရက်နံနက် ၁၁ နာရီအချိန်တွင် သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသူ အမည်မသိလူငယ် တစ်ဦးက I Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများက ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်က ညနေမှပြန်လာမည် ဖြစ်ကြောင်းပြောဆို၍ ပြန်သွားခဲ့ကြောင်း၊ ထိုနေ့ ည ၇ နာရီခွဲခန့်တွင် အဆိုပါလူငယ်သည် အရက် သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ I Phone-11 Pro Max ဖုန်း ဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာတပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးအား PDF ဟုပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက်ပြောဆို ထွက်ခွာသွားကြောင်းသတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ရပ်ကွက်ကြီး(၂၁)နေ အသက် ၂၄ နှစ်အရွယ်ရှိ မောင်စိုးဝင်း ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းသည် တပ်မတော်သားတစ်ဦး မဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြုပေါ်ပေါက်သဖြင့် အများ ပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ တပ်မတော်သားအယာင် ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်ရာ၌ တပ်မတော်/ဌာနဆိုင်ရာဝန်ထမ်းများအယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် ဖော်ပြပါ ဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများတွေ့ရှိပါက အနီးဆုံးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲစခန်းများသို့ အချိန်မီ သတင်းပို့တိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။















