လီဗာပူးလ်အသင်းက အီတလီလက်ရွေးစင် တောင်ပံကစားသမား ခီယေဆာဟာ အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးကို လိုက်ပါရခြင်းမရှိတာကြောင့် လမ်းခွဲဖို့ ပိုမိုနီးစပ်လာပြီလို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အင်္ဂလန်မှာ ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးတဲ့နောက် အာရှကို ရာသီကြိုခြေစမ်းခရီး ထွက်ခွာရာမှာ ကစားသမား(၂၉)ဦး ခေါ်ယူသွားပေမဲ့ ခီယေဆာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
ခီယေဆာ(၂၇ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ အသင်းမှာ ပုံမှန်နေရာရယူနိုင်ခြင်းမရှိပါဘူး။
ဒါကြောင့် လီဗာပူးလ်အသင်းက ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေသလို၊ အီတလီကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။
ခီယေဆာဟာ စတုတ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ ပါဝင်ကစားပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လီဗာပူးလ်အသင်း ဟောင်ကောင်ကို ထွက်ခွာရာမှာတော့ ချန်လှပ်ခံခဲ့ရတာပါ။
လီဗာပူးလ်အသင်းဟာ ဟောင်ကောင်မှာ အေစီမီလန်၊ ဂျပန်မှာ ယိုကိုဟားမားမာရီနို့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။















