မြန်မာနိုင်ငံသည် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက်တွင် အဆိုးဆုံးနိုင်ငံများစာရင်း၌ ပြန်လည်စာရင်းဝင်လာပြီး စိုးရိမ်စရာအခြေအနေဖြစ်လာ

မြန်မာနိုင်ငံသည် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက်တွင် အဆိုးဆုံးနိုင်ငံများစာရင်း၌ ပြန်လည်စာရင်းဝင်လာပြီး စိုးရိမ်စရာအခြေအနေဖြစ်လာ
Published 23 June 2025

                                          (၁)

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက်တွင် အဆိုးဆုံးနိုင်ငံများစာရင်း၌ ပြန်လည်စာရင်းဝင်လာပြီး စိုးရိမ်စရာအခြေအနေ ဖြစ်လာကြောင်း နိုင်ငံရေးအကဲခတ်များအကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိလာသည်။

ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှုများကို စုံစမ်းအကဲဖြတ်သည့် Transparency  International အဖွဲ့ကြီး၏ နှစ်စဉ် ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်းတွင် မြန်မာနိုင်ငံ သည် အဂတိလိုက်စားမှု အများဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ပြန်လည်စာရင်းဝင်လာခြင်းလည်း ဖြစ်သည်။

Transparency  International အဖွဲ့ ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံက ၁၄၀ နေရာ၌ ရှိခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံက ၁၅၇ နေ ရာသို့ ရောက်ရှိလာသည်။

၂၀၂၃ ခုနှစ်တွင်မူ နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံက ၁၆၂ နေရာသို့ ရောက်ရှိသွားခဲ့သည်။

Transparency  International အဖွဲ့ကြီးက နောက်ဆုံးထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၆၈ သို့ ရောက်ရှိလာသည်။

Transparency  International အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း အကျင့်ပျက်ခြစားမှု အညွှန်းကိန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အဆင့် ၁၄၀ ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၅၇ နေရာသို့ ရောက်ရှိလာသည့်အတွက် တစ်နှစ်အတွင်း အဆင့် ၁၇ ဆင့်အထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ထို့ပြင်  ၂၀၂၃ ခုနှစ်တွင် အဆင့် ၁၆၂ နေရာသို့ ရောက်ရှိလာသဖြင့် ၂၀၂၂ ခုနှစ် နှင့် ယှဉ်လျှင် အဆင့်ငါးဆင့် ထပ်မံမြင့်တက်လာခဲ့သည်။ 

Transparency  International အဖွဲ့ကြီးက နောက်ဆုံးထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် ၁၆၈ သို့ ရောက်ရှိလာသဖြင့် ၂၀၂၃ ခုနှစ်နှင့် ယှဉ်လျှင် အဆင့် ခြောက်ဆင့် မြင့်တက်လာသည်ကို တွေ့ရှိ ရသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် အဆင့် ၁၄၀ မှ ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ခံခဲ့ရသည့် အဆင့် ၁၆၈ ဆင့်ကို ကြည့်မည်ဆိုပါက လေးနှစ်အတွင်း အဆင့် ၂၈ ဆင့်အထိ မြင့်တက်လာသည်ကို တွေ့ရမည်ဖြစ် သည်။ 

                                                (၂)

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ အကျင့်ပျက်ခြစားမှု ညွှန်းကိန်း (CPI) စာရင်းကို ၁၉၉၅ ခုနှစ်မှစတင်ကောက်ခံခဲ့ပြီး စတင်ကောက်ခံသည့် နိုင်ငံပေါင်း ၄၁ နိုင်ငံသာ ပါဝင်ခဲ့သည်။

ထို့နောက် နောက်ပိုင်းနှစ်များတွင် နိုင်ငံများနှင့် နယ်နိမိတ်များ ပိုမိုပါဝင်လာခဲ့သည်။

၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ကောက်ခံသည့် CPI စာရင်းတွင် အာရှမှ စင်ကာပူနှင့် ဂျပန်နှစ်နိုင်ငံသာ ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများ စုံလင်စွာပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံသည်လည်း ၂၀၀၃ ခုနှစ်တွင် စစ်တမ်း၌ စတင်ပါဝင်လာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ၅၄ နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် ၅၂ နိုင်ငံ၊ ၁၉၉၈ ခုနှစ်တွင် ၈၅ နိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ၉၉ နိုင်ငံ၊ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၉၀၊ ၂၀၀၁ ခုနှစ်တွင် ၉၁ နိုင်ငံ၊ ၂၀၀၂ ခုနှစ်တွင် ၁၀၂ နိုင်ငံနှင့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၃၃ နိုင်ငံအထိ တိုးမြင့်ခဲ့ရာမှာ ထိုနှစ်မှ မြန်မာနိုင်ငံက ပါဝင်လာခြင်းလည်း ဖြစ်သည်။

အစိုးရရုံးများ၏ လာဘ်စားမှုအခြေအနေ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ သုံးသပ်ချက်၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်များက အချက်အလက်များနှင့် ဘက်စုံအကြောင်းအရာများကို အခြေခံပြီး ဂျာမနီအခြေစိုက် Transparency  International အဖွဲ့ကြီးက အမှတ်ပေးအဆင့်ခွဲလေ့ရှိသည်။

CPI တွက်ချက်မှုပုံစံတွင် အကျင့်ပျက်ခြစားမှု အနည်းဆုံးအဖြစ် အမှတ် ၁၀၀ သတ်မှတ်ထားပြီး အကျင့်ပျက်ခြစားမှု အများဆုံးအမှတ်ကို သုညအဖြစ် သတ်မှတ်ထားသည်။    

Transparency  International အဖွဲ့ကြီးသည် ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှုကို အားပေးရာရောက်သည့် စနစ်များနှင့် ကွန်ရက်များကို စောင့်ကြည့်ဖော်ထုတ်ပြီး အပြောင်းအလဲများဖြစ်အောင် ကြိုးပမ်းနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

                                                (၃)

Transparency  International အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံး သတ်မှတ်ခံရသည့်နှစ်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရစတင် တာဝန်ယူသည့် ၂၀၁၁ ခုနှစ်ဖြစ်သည်။

Transparency  International အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ  ၂၀၁၁ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၃ နိုင်ငံသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၈၀ ဖြင့် အဆိုးရွားဆုံး သတ်မှတ်ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်ရှင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်၌ ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သမ္မတဦးသိန်းစိန်က စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်ရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးနောက် Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် အဆင့်သတ်မှတ်ချက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့သည်။

၂၀၁၂ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံရှိသည့်အနက်  မြန်မာနိုင်ငံသည် အဆင့် ၁၇၂ တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ ရှိသည့်အနက်  မြန်မာနိုင်ငံသည် အဆင့် ၁၅၇ တွင်လည်းကောင်း၊ ၂၀၁၄ ခုနှစ်  အကျင့်ပျက် ခြစားမှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံရှိသည့်အနက်  မြန်မာနိုင်ငံသည် အဆင့် ၁၅၆ တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံရှိသည့်အနက်  မြန်မာနိုင်ငံသည် အဆင့် ၁၄၇ တွင်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်တွင် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း အဆိုးဆုံးသတ်မှတ်ခံခဲ့ရသော်လည်း ၎င်းလက်ထက် ကျန်ရှိသည့် လေးနှစ်တွင်မူ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက် ပြန်လည်ကျဆင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။  

ထို့အတူ NLD လက်ထက်တွင်လည်း Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ အဆင့်သတ်မှတ်ချက်များ ကျဆင်းနိုင်အောင် လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

NLD အစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၆ တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၀ တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၂ တွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာ နိုင်ငံသည် အဆင့် ၁၃၀ တွင်လည်းကောင်း၊ ၂၀၂၀  ပြည့်နှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၉ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၇ တွင်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန် လက်ထက်နှင့် NLD အစိုးရလက်ထက်တွင် Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ အဆင့်သတ်မှတ်ချက်များ ကျဆင်းနိုင်အောင် လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

(၄)

သို့သော် ရှေ့က ပြောခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ အဆင့်သတ်မှတ်ချက်များ တစ်နှစ်ထက်တစ်နှစ် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည် နယ်အစိုးရအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် အသိပညာပေးခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း၊ အဂတိလိုက်စားမှုကျူးလွန် သူကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူခြင်း၊ အဂတိလိုက်စားမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ပေးသွင်းခြင်းနှင့် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှု မရှိစေရန် ကာကွယ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီး လေးနှစ်အတွင်း ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ အဆင့်သတ်မှတ်ချက်များ တစ်နှစ်ထက် တစ် နှစ် ပြန်လည်မြင့်တက်လာခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌  နိုင်ငံပေါင်း ၁၈၀ ရှိသည့်အ နက် မြန်မာနိုင်ငံသည် အဆင့် ၁၆၈ နေရာတွင် ရောက်ရှိနေသည့်အပြင် အရှေ့တောင် အာရှ(အာဆီယံ) တွင်လည်း လာဘ်စားမှု အဆိုးဆုံးနိုင်ငံနေရာတွင်လည်း ရှိနေကြောင်း Transparency  International အဖွဲ့ကြီး၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွက် ဒိန်းမတ်နိုင်ငံသည် အမှတ် ၉၀ ဖြင့် အဆင့် ၁ နေရာတွင် ရရှိခဲ့ပြီး တောင်ဆူဒန်သည် ၈ မှတ်ဖြင့် အကျင့်ပျက်ခြစားမှုစာရင်းတွင် အောက်ဆုံးနေရာတွင် ရှိခဲ့သည်။

မြန်မာနိုင်ငံသည် ၁၆ မှတ်သာရရှိခဲ့ပြီး အဆင့် ၁၆၈ နေရာတွင် ရှိခဲ့သည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံပေါင်း ၃၂ နိုင်ငံသည် အကျင့်ပျက်ခြစားမှုအဆင့်ကို သိသိသာသာ လျှော့ချနိုင်ခဲ့သော်လည်း ၁၄၈ နိုင်ငံသည် မူလအခြေအနေ၌သာရှိနေခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ပျမ်းမျှအားဖြင့် နိုင်ငံ ၁၄၃ နိုင်ငံသည် ၎င်းတို့၏အဆင့်များ အတက်အကျမရှိခဲ့ဘဲ စာရင်းတွင်ပါဝင်သည့် နိုင်ငံ သုံးပုံနှစ်ပုံသည် အမှတ် ၅၀ အောက်သာ ရရှိခဲ့သည်။

ထို့ကြောင့် ဘီလျံနှင့်ချီသည့် ပြည်သူများသည် လူမှုဘဝများကို ဖျက်ဆီးပြီး လူ့အခွင့်အရေးများ လျော့ပါးစေခဲ့သည့် အကျင့်ပျက်ခြစားမှုများရှိနေသည့် ထိုနိုင်ငံများတွင် နေထိုင်နေရသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံထက် ပိုမိုဆိုးရွားသည့်နိုင်ငံများ စာရင်းတွင် မြောက်ကိုရီးယား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဆိုမာလီယာနှင့် တောင်ဆူဒန်နိုင်ငံတို့ ပါဝင်သည်။ 

(၅)

ထိုသို့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း Transparency  International အဖွဲ့ကြီးက ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ မြန်မာနိုင်ငံက အဆင့်သတ်မှတ်ချက်များ တစ်နှစ်ထက် တစ်နှစ် ပြန်လည်မြင့်တက်လာချိန်တွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ”ဆိုသည့် ဆောင်းပါးကို နိုင်ငံပိုင်သတင်းစာများတွင် ယခုလအတွင်း ထည့်သွင်းဖော်ပြလာသည်ကို တွေ့ရသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ ၅၀၀၀ ကျော်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ ၁၃၃၄ စောင်၊ ၂၀၂၂ ခုနှစ်တွင် တိုင်ကြားစာ ၁၄၂၆ စောင်၊ ၂၀၂၃ ခုနှစ်တွင် တိုင်ကြားစာ ၁၂၁၇ စောင်နှင့် ၂၀၂၄ ခုနှစ်တွင် တိုင်ကြားစာ ၁၂၂၅ စောင် ရှိသည့်အတွက် လေးနှစ်အတွင်း တိုင်ကြားစာ စုစုပေါင်း ၅၂၀၂ စောင်သာရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး နေပြည်တော်သို့ တိုင်ကြားစာ ၁၁၆၆ စောင်၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်) သို့ တိုင်ကြားစာ ၂၆ စောင်၊ ကော်မရှင်ရုံးခွဲ (မန္တလေး) သို့ တိုင်ကြားစာ ၁၆ စောင်၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)သို့ တိုင်ကြားစာ ၁၁ စောင်၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)သို့ု တိုင်ကြားစာ ခြောက်စောင် အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၁၂၂၅ စောင် ရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ ၁၂၂၅ စောင်ရှိသည့်အနက် ၈၁၃ စောင်ကို အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။

အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ ၈၁၃ စောင်တွင် ကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၁၀ စောင်၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များထံ အရေးယူ ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၅၃၄ စောင်နှင့် တိုင်ကြားသူတစ်ဦးချင်းထံ တိုင်ကြားစာပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်ကို ဖော်ပြအကြံပြုချက်များနှင့် ပြန်ကြားပေးသည့် တိုင်ကြားစာ ၂၆၉ စောင် ပါရှိကြောင်း သိရသည်။ 

ကျန်ရှိနေသေးသည့် တိုင်ကြားစာ ၄၂၂ စောင်အနက်မှ ၄၄ စောင်ကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် မညီညွတ်သည့်အတွက် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်သည့် တိုင်ကြားစာ ၃၆၈ စောင်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့က လွှဲပြောင်းပေးသည့် တိုင်ကြားစာ ၁၀ စောင်၊ ကော်မရှင်ထံ လိပ်မူ၍ တိုင်ကြားသည့်တိုင်ကြားစာ ၁၀၅၂ စောင်၊ တိုင်ကြားစာ မိတ္တူပေးပို့ခြင်း အစောင် ၁၅၀ နှင့် ပစ်စာ ၁၃ စောင်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ လွှဲပြောင်းပေးသည့် တိုင်ကြားစာ ၁၀ စောင်ကို စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ၌  လူပုဂ္ဂိုလ် ၄၂ ဦးကို ရာဇဝတ်ကြီးမှု ၂၇ မှု၊ ရာဇဝတ်အထွေထွေမှု ခြောက်မှုတိုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး တရားလွှတ်တော်တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲတင်ပို့ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၂၁ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)နှင့်အညီ သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းပေးပို့ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။                  

၂၀၂၄ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ (ဍ)အရ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာများအပေါ် သက်ဆိုင်ရာဌာနအဖွဲ့အစည်းမှ ဝန်ထမ်း ၂၈၇ ဦးအား ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်က ဆိုသည်။

ထို့ပြင် ကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားမှုများအနက် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊ အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦးနှင့် အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံဝန်ထမ်း ဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ အရေးယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၃၀၃၀ ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်မှုနှင့် ပြန်လည်ပေးသွင်းနိုင်မှုအနေဖြင့် ငွေကျပ် ၂၇ ဒသမ ၃၃ ဘီလျံကျော်နှင့် ကာကွယ်နိုင်မှုအနေဖြင့် ကျပ် ၁၅၆ ဘီလျံကျော်ရှိကြောင်းလည်း သိရသည်။         

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ အရေအတွက်ကို ကြည့်မည်ဆိုလျှင် နိုင်ငံရေး အပြောင်းအလဲမဖြစ်မီကာလထက် လျော့ နည်းလာသည်ကို တွေ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD အစိုးရလက်ထက် ငါးနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ စုစုပေါင်း ၂၈၀၀၀ ကျော်ရှိသည်ကို  တွေ့ရသည်။

ခုနှစ်အလိုက်ကြည့်ပါက ၂၀၁၆ ခုနှစ်တွင် တိုင်ကြားစာ ၇၁၀၊ ၂၀၁၇ ခုနှစ်တွင် တိုင်ကြားစာ ၂၀၁၄ စောင်၊ ၂၀၁၈ ခုနှစ်တွင် တိုင်ကြားစာ ၁၀၅၄၃ စောင်၊ ၂၀၁၉ ခုနှစ်တွင် တိုင်ကြားစာ ၉၃၉၄ စောင်နှင့် ၂၀၂၀ ပြည့်နှစ်တွင် တိုင်ကြားစာ ၅၉၆၃ စောင်ရှိကြောင်း တွေ့ရသည်။

NLD လက်ထက်နှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်တာကာလကို နှိုင်းယှဉ်ကြည့်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာမှာ သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရှိရသည်။

NLD လက်ထက် ငါးနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ ၂၈၀၀၀ ကျော်ရှိသည့်အတွက် တစ်နှစ်လျှင် တိုင်ကြားစာ ၆၀၀၀ ခန့်ရှိပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ ၅၀၀၀ ကျော်သာ ရှိသောကြောင့် တစ်နှစ်လျှင် တိုင်ကြားစာ ၁၀၀၀ ကျော်ခန့်သာ ရှိသည်ကို တွေ့ရသည်။

မည်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမှု ယခုလောက်ကျသွားသည်ကို မသိသော်လည်း ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌  မြန်မာနိုင်ငံသည် အဆင့်သတ်မှတ်ချက်များ တစ်နှစ်ထက်တစ်နှစ် ပြန်လည်မြင့်တက်လာသည့်အပေါ် ဝေဖန်မှုနှင့် မေးခွန်းထုတ်မှုများ ကျယ်ကျယ်လောင်လောင် ရှိခဲ့သည်။

“အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေ အရေးယူဆောင်ရွက်မှုတွေ ဘယ်လောက်ရှိတယ် ဆိုတာ ထုတ်ဖော်ပြောပြထားတာရှိတယ်။သို့သော် တစ်ဖက်မှာလည်း အဲဒီလိုဝေဖန်မှုတွေရှိတယ်။ အဲဒီတော့ တစ်ခုပဲ ကျွန်တော်မြင်တာကတော့ သတင်းထုတ်ပြန်မှု အပိုင်းပေါ့နော်။အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အနေနဲ့ မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပိုပြီးတော့ Transparency ရှိရှိပေါ့နော်။ ကျွန်တော်ဆိုလိုတာ က ဒီထက်ပိုပြီးတော့ သိသာမြင်သာအောင် သတင်းထုတ်ပြန်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီကိစ္စတွေက အတန် အသင့် ပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။ အဓိက , က အချက်အလက်လေးပဲ ထုတ်ပြန်ပြီးတော့ ဘယ်သူတွေကို ဘယ်လိုအရေးယူတယ်ဆိုတဲ့ အသေးစိတ်ထုတ်ပြန်ချက်မျိုးတွေ Case by Case ထုတ်ပြန်မှုမျိုးတွေ သိပ်မတွေ့ရဘူးလေ။ အဲဒါတွေ ပိုပြီးတော့ သိသာမြင်သာအောင် လုပ်ပေးနိုင်ရင်တော့ ပိုအကျိုးရှိမယ်လို့ ထင်ပါတယ်” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌  မြန်မာနိုင်ငံသည် အဆင့်သတ်မှတ်ချက်များ တစ်နှစ်ထက် တစ်နှစ် ပြန်လည်မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းများမှာ တရားဥပဒေစိုးမိုးမှု လျော့နည်းသွားခြင်း၊ နိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်း စသည့်အကြောင်းရင်းများ ကြောင့်လည်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် လုပ်ဆောင်မှု အားနည်းခြင်းများလည်း ပါဝင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်မှုများလည်း ရှိနေသည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ရာတွင် နိုင်ငံရေးအရ အရေးယူမှု လုပ်ဆောင်ခြင်း မျိုးမဟုတ်ဘဲ အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုသည်ဟုလည်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

“အဂတိမှုတွေကို လျော့နည်းသွားအောင် ဘယ်လိုလုပ်သင့်သလဲလို့ ပြောရရင်တော့  ဌာနဆိုင်ရာတွေမှာလည်း အဂတိတွေနဲ့ပတ်သက်ရင် အဖွဲ့တွေ ဖွဲ့ထားပြီးသားပေါ့နော်။ ဝန်ကြီးဌာနတွေမှာ ဖွဲ့ထားတယ်။ အဲဒီ အဖွဲ့တွေက ဒီထက်မက ပိုပြီးအလုပ်လုပ်နိုင်ဖို့ လိုမယ်။ တစ်ဖက်မှာလည်း အဂတိဖြစ်ရတဲ့ ကိစ္စတွေရဲ့ အကြောင်းရင်းတွေကို ဒီထက်မက ပိုပြီးတော့ သုတေသနပြု ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်သင့်တယ်ဆိုတာက အကြောင်းရင်းတွေ အများကြီးရှိမယ်။ အဲဒီမှာ ဖြေရှင်းလို့ ရနိုင်တဲ့ လျော့ပါးအောင် လုပ်လို့ရတဲ့ နည်းပေါ့နော်။ အရေးယူမှုမဟုတ်ဘဲ လျော့ပါးအောင် လုပ်လို့ရတဲ့နည်း၊ လျော့ပါး အောင်လုပ်လို့ရတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးကို ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ အဂတိမှုတွေ လျော့နည်းသွားနိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ဥပဒေကြောင်းအရ အရေးယူမှုတွေကို ပိုပြီးထိထိရောက်ရောက်နဲ့ ဆောင်ရွက်တဲ့ အဖွဲ့တွေကလည်း ပိုပြီးလုပ်နိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ တတ်နိုင်မယ်ဆိုရင် CSO တွေရဲ့ အခန်းကဏ္ဍပေါ့နော်။ အဂတိနဲ့ပတ်သက်တဲ့ ပြည်တွင်းမှာရှိတဲ့ တချို့သောအဖွဲ့အစည်းတွေကနေ Watch လိုဟာမျိုးတွေ လုပ်ပေးနိုင်မလား။ ပြည်သူတွေနဲ့ ကော်မရှင်ကြားထဲမှာ ထိတွေ့ဆက်ဆံမှုတွေကို သမားရိုးကျ ထိတွေ့ဆက်ဆံမှုထက် ပိုပြီးထိတွေ့ ဆက်ဆံမှုတွေလုပ်ရင် ကောင်းမလား။ ဒါမျိုးတွေကတော့ အများကြီးရှိပါတယ်” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက်တွင် အဆိုးဆုံးနိုင်ငံများ စာရင်း၌ ပြန်လည်စာရင်းဝင်လာသည်မှာ ငြင်းမရသည့်အချက်လည်း ဖြစ်သည်။

ယခုအချိန် လူအများကြားတွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ လက်ရှိတွင် အဂတိလိုက်စားမှုများက ဆိုးရွားလာပြီး ယခုကဲ့သို့ ဆိုးရွားလာသည့် ကိန်းဂဏန်းများကို ကော်မရှင်အနေဖြင့်  ပြန်လည်ပြီး ကုစားမည်ဆိုပါက ရလာဒ်ကောင်းများ ပြန်ရနိုင်ရန်အ တွက် လျင်လျင်မြန်မြန်နှင့် ကုစားနိုင်ရန်လိုကြောင်း ပြောကြားမှုများလည်း ရှိနေသည်။

အထူးသဖြင့် အဂတိကော်မရှင်၏ လုပ်ဆောင်ချက်များသည် ထိထိရောက်ရောက်နှင့် ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး အများအပေါ် လွှမ်းခြုံနိုင်ရန်လည်း လိုပေသည်။

အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင်လည်း ကျောသားရင်သားမခွဲခြားဘဲ တိုက်ဖျက်ရမည်ဖြစ်ပြီး ယခင်ခေတ်အဆက်ဆက်ကဲ့သို့  Polittical Motivated ဖြစ်၍မရပေ။

ယခုဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တိတိကျကျဖြေရှင်းပေးရန် လိုအပ်နေကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

“ စိုးရိမ်စရာအခြေအနေ ရောက်ရှိလာတယ်။ အလျင်အမြန်တုံ့ပြန်ဖို့ အရေးကြီးလာတယ်။ အရင်အခြေအနေကို ပြန်လည်ရောက်ရှိဖို့အတွက် အလျင်အမြန်တုံ့ပြန်ဖို့ အရေးကြီးတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

■အယ်ဒီတာအဖွဲ့          

 

 

Most Read

Most Recent