ဂါဇာတောင်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမာ့စ်နိုင်ငံရေးခေါင်းဆောင် သေဆုံး

ဂါဇာတောင်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမာ့စ်နိုင်ငံရေးခေါင်းဆောင် သေဆုံး
မတ် ၂၃ ရက်က အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ နျူဆီရတ်ဒုက္ခသည်စခန်းကို   လေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို မြင်တွေ့ရစဉ်(Photo:AFP)
မတ် ၂၃ ရက်က အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ နျူဆီရတ်ဒုက္ခသည်စခန်းကို   လေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို မြင်တွေ့ရစဉ်(Photo:AFP)
Published 23 March 2025

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ ဒေသခံများက အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေကြောင်း ပြောကြားနေချိန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမာ့စ်နိုင်ငံရေးခေါင်းဆောင် ဆာလားအယ် ဘာဒါဝီလ် သေဆုံးခဲ့သည်ဟု သိရသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမာ့စ်နိုင်ငံရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဘာဒါဝီလ်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ဟားမာ့စ်လိုလားသည့် မီဒီယာတစ်ခုက မတ် ၂၃ ရက်တွင် ဖော်ပြထားသည်။

အစ္စရေးတာဝန်ရှိသူများက ချက်ချင်း မှတ်ချက်ပြု ပြောကြားထားခြင်း မရှိပေ။

ဟားမာ့စ်ခေါင်းဆောင်ပိုင်း၏ မီဒီယာအကြံပေး တာဟာအယ်နိုနိုက ဘာဒါဝီလ်၏ သေဆုံးမှုနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ၎င်း၏လူမှုမီဒီယာ Facebook တွင် ရေးသားထားသည်။

နှစ်လကြာ အတော်အတန် တည်ငြိမ်ခဲ့ပြီးနောက် အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို စွန့်လွှတ်ခဲ့ကာ မတ် ၁၈ ရက်ကစတင် ပြီး လေကြောင်းနှင့် မြေပြင်ထိုးစစ်ဆင်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ဂါဇာဒေသခံများ သည် ဘေးလွတ်ရာသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။

မတ် ၂၃ ရက်အစောပိုင်းတွင် ဂါဇာမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့၌ ပေါက်ကွဲသံများ ကြားခဲ့ရပြီး အစ္စရေးလေယာဉ်များသည် ယင်းနေရာများရှိ ပစ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။မတ် ၂၃ ရက်က ရာဖာ နှင့် ခန်းယူနစ်မြို့များတွင် အစ္စရေးက လေကြောင်းတိုက်ခိုက် မှုကြောင့် ပါလက်စတိုင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာအနောက်ပိုင်း တယ်အယ်ဆူလ်တန်ဒေသတွင် ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချေးအေဒရီက လူမှုမီဒီယာ X တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်အနေဖြင့် ယင်းဒေသရှိ အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းရန် စစ်ဆင်ရေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဟားမာ့စ်လိုလားသည့် မီဒီယာ၏ ထုတ်ပြန်ချက်အရ ခန်းယူနစ်ရှိ ယာယီခိုလှုံသည့် နေရာတစ်နေရာကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ချိန်တွင် ဘာဒါဝီလ်နှင့် ၎င်း၏ဇနီးတို့က ဝတ်ပြုနေချိန်ဖြစ်ပြီး အစ္စရေး၏လက် ချက်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဘာဒါဝီလ်နဲ့ အာဇာနည်တွေရဲ့သွေးတွေက လွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးရဲ့ တိုက်ပွဲအတွက် တွန်းအားတစ်ခုအဖြစ် ရှိနေမှာပါ။ ရာဇဝတ်သားရန်သူတွေက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒကိုချိုးဖျက်နိုင်မှာ မဟုတ်ပါဘူး”ဟု ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက စစ်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဟားမာ့စ်အဖွဲ့ကို စစ်တပ်နှင့် အုပ်ချုပ်ရေး အဖွဲ့တစ်ဖွဲ့အနေဖြင့် ဖျက်ဆီးရန်ဖြစ်သည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သည်။

စစ်ရေးလှုပ်ရှားမှုအသစ်သည် ကျန်ရှိနေသည့် ဓားစာခံများကို ဟားမာ့စ်အဖွဲ့က လွှတ်ပေးရန် တွန်းအားဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ မတ် ၁၈ ရက်တွင် လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရာဖာမြို့တွင် အစ္စရေးလေယာဉ်ကနေ အိမ်တစ်အိမ်ကို ဗုံးကြဲခဲ့သည့်အတွက် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဆေးဝန်ထမ်းများက ဆိုသည်။

Ref:Reuters

                                      

Most Read

Most Recent