
သမ္မတအာဆက် ပြုတ်ကျသွားပြီးကတည်းက အဆိုးရွားဆုံးသော စစ်ဆင်ရေးတွင် လူ ၁,၀၀၀ ကျော်အသတ်ခံရကြောင်း ဆီးရီးယား စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပြီးနောက် အာဆက်၏သစ္စာခံများကိုလုပ်ဆောင်နေသော စစ်ဆင်ရေးသွားပြီဟု မတ်လ ၁၀ ရက်တွင် ဆီးရီးယား အာဏာပိုင်အသစ်များက ကြေညာခဲ့သည်။
မတ်လ ၆ ရက်ကတည်းက အသတ်ခံရသော အရပ်သား ၁,၀၆၈ ဦးထဲက အလွန့်အလွန်များပြားလှသော အများစုသည် လုံခြုံရေးတပ်ဖွဲ့များသို့မဟုတ မဟာမိတ်ပြုထားသော အုပ်စုများက သုတ်သင်ခဲ့သည့် အယ်ဝါတီလူနည်းစု၏အဖွဲ့ဝင်များဖြစ်သည်ဟု လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ပြုတ်ကျသွားသောသမ္မတအာဆက် ဆင်းသက်လာသောအယ်ဝါတီလူ့အသိုက်အဝန်း၏ ကမ်းရိုးတန်းဒေသ အမာခံနယ်မြေ၌ ဖြစ်ပွားသောအကြမ်းဖက်မှုများက အာဆက်မျိုးနွယ်စု၏အာဏာရှင်အစိုးရဆယ်စု နှစ်များစွာအုပ်ချုပ်ခဲ့ပြီးနောက် ဆီးရီးယား၏ယိုင်နဲ့နဲ့ အသွင်ကူးပြောင်းရေးကို ကမောက်ကမဖြစ်စေရန် ခြိမ်းခြောက်ခဲ့သည်။
အာဏာပိုင်များက မြေထဲပင်လယ်ကမ်းရိုးတန်းပေါ်က လာတာကီးယားပြည်နယ်၊ တားတပ်စ်ပြည်နယ်တို့ရှိ အာဆက်အစိုးရအဖွဲ့၏အကြွင်းအကျန်များနှင့်လုံခြုံရေး ခြိမ်းခြောက်မှုများကို အလုံးစုံစစ်ဆင်ရေးလုပ်နေ ခြင်းအားအဆုံးသတ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရဟာဆန်အဗ္ဗ ဒယ်ဂါနီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ၈ ရက်တွင် အာဆက်ကိုပြုတ်ကျစေခဲ့သောအစ္စလာမ်မစ်အုပ်စု၏ ထိုးစစ်ကို ဦးဆောင်ခဲ့သော ယာယီသမ္မတ အာမက်အယ်လ်ရှာရာက နိုင်ငံသည် ပြည်တွင်းစစ်ထံပြန်သွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး နောက် အထက်ပါထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“ပြည်ပအင်အားကြီးနိုင်ငံတွေ ဒါမှမဟုတ် ပြည်တွင်းအဖွဲ့အစည်းတွေက ဆီးရီးယားကို ဝရုန်းသုန်းအခြေအနေထဲဆွဲသွင်းတာ ဒါမှမဟုတ် ပြည်တွင်းစစ်ထဲဆွဲသွင်းတာကို ဆီးရီးယားနိုင်ငံက ခွင့်ပြုမှာမဟုတ်ပါဘူး”ဟု မိန့်ခွန်းထဲတွင် ရှာရာက ပြောကြားခဲ့သည်။
“အရပ်သားပြည်သူတွေ သွေးထွက်သံယိုဖြစ်ပွားရာမှာ ပါဝင်ပတ်သက်တဲ့သူတွေ၊ နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်လုပ်ဆောင်သူတွေကို သက်ညှာခွင့်မပေးဘဲခိုင်မာစွာ တာဝန်ခံစေမှာဖြစ်ပါတယ်”ဟု ၎င်းင်းက ပြောကြားခဲ့သည်။
အာဆက်ကိုသစ္စာခံသောသေနတ်သမားများက ဆီးရီးယား၏လုံခြုံရေးတပ်ဖွဲ့အသစ်များကို တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၆ ရက်က ယင်းဧရိယာတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် လုံခြုံရေးဝန်ထမ်း ၂၃၁ ဦးသေဆုံးခဲ့ပြီး အာဆက်ကို သစ္စာခံသော တိုက်ခိုက်ရေးသမား ၂၅၀ သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက်လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြော ကြားခဲ့သည်။ ယင်းအဖွဲ့သည် ဆီးရီးယားနိုင်ငံထဲတွင် သတင်းအရင်းအမြစ် ကွန်ရက်ရှိထားသည်။ အာဏာပိုင်များကမူ သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ပေးခြင်းမရှိပေ။
လာတာကီယာပြည်နယ် ဂျာဘလက်မြို့ကို ထိန်းချုပ်ထားသော လက်နက်ကိုင်အုပ်စုများက အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု ယင်းမြို့တွင် နေထိုင်သူတစ်ဦးက အေအက်ဖ်ပီကိုပြောကြားခဲ့သည်။
“ကျွန်တော့်မိသားစုထဲကလူတွေနဲ့ သူငယ်ချင်းတွေအပါအဝင် လူ ၅၀ ကျော် အသတ်ခံခဲ့ရပါတယ်။ သူတို့က အလောင်းတွေကို မြေတူးစက်နဲ့စုစည်းလိုက်ပြီး မြေတွင်းကြီးထဲမှာ အစုလိုက်အပြုံလိုက်မြှုပ်ခဲ့ပါတယ်”ဟု လုံခြုံရေးကြောင့် အမည်ထုတ်မပြောသော ယင်းမြို့ခံက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
နယ်မြေအချို့တွင် နယ်ခံများသည် အပြင်ကို မရဲတရဲသွားနေကြရသည်ဟုဆိုသည်။ Ref: AFP