
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးတို့ ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် စကားအခြေအတင်ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုက ယူကရိန်းကို စစ်ရေးအကူအညီများဆိုင်းငံံ့လိုက်ကြောင်း မတ်လ ၃ ရက်တွင် အိမ်ဖြူတော်တာဝန်ရှိသူက အတည်ပြုခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ဖြေရှင်းနည်းအတွက် အကူအညီပေးမှုသေချာစေရန် စစ်ရေးအကူအညီကို ရပ်ဆိုင်းလိုက်ပြီး စိစစ်နေသည်ဟု တာဝန်ရှိသူက ပြောကြားခဲ့သည်။
“သမ္မတဟာ ငြိမ်းချမ်းရေးအတွက် အလေးပေးလုပ်ဆောင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေက အဲဒီငြိမ်းချမ်းရေးရည်မှန်းချက်အတိုင်း ဆောင်ရွက်ကြဖို့လည်း လိုအပ်နေပါတယ်”ဟု သတင်းတွင် အမည်ကို ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သော အိမ်ဖြူတော်တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဖြေကြားပေးရန် ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို ဇယ်လန်းစကီး၏ရုံးက ရုံးချိန်ပြင်ပတွင် ချက်ချင်း ဖြေကြားပေးခြင်းမရှိပေ။
ရုရှားကျူးကျော်မှုကို ယူကရိန်းတွန်းလှန်ရာတွင် နှစ်ချီပေးထားသော အမေရိကန် ပံ့ပိုးမှုသည် အိမ်ဖြူတော်၏ဘဲဥပုံခန်းမတွင် အော်ဟစ်ပြောဆိုကြသည့်ပွဲ၌ ပျက်ပြားခဲ့သည်။
အမေရိကန်ကြားဝင်ဆောင်ရွက်ပေးနေသော ရုရှားနှင့်အပစ်အခတ်ရပ်စဲရေးအတွက် အရေးပါသည်ဟု ရှုမြင်ခံထားရသော သယံဇာတတွင်းထွက် မျှဝေရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးခြင်းမရှိဘဲဇယ်လန်း စကီး အိမ်ဖြူတော်မှ စောစောပြန်သွားခဲ့သည်။ ထရန့်နှင့် ဒုတိယသမ္မတဂျေဒီဗန့်တို့က ဇယ်လန်းစကီးကို ကျေးဇူးမသိတတ်သူ၊ ၎င်းတို့လုပ်ဆောင်ထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ငြင်း ပယ်သူအဖြစ် စွပ်စွဲပြောကြားခဲ့ကြသည်။
ယူကရိန်းနိုင်ငံ၏ခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ယုံကြည်ချက်ကောင်းမွန်သော ကတိကဝတ်ကို ထရန့်က ဆုံးဖြတ်သည်အထိ အကူအညီရပ်ဆိုင်းမှု ကြာမြင့်လိမ့်မည်ဟု Bloomberg နှင့် Fox News သတင်းဌာနတို့က ဖော်ပြခဲ့သည်။
“ဒါဟာ အကူအညီကို အမြဲတမ်းရပ်လိုက်တာမဟုတ်ပါဘူး။ ဆိုင်းငံ့ထားလိုက်ခြင်းသာဖြစ်ပါတယ်”ဟု ထရန့်အစိုးရအဖွဲ့ တာဝန်ရှိသူ၏ပြောစကားကို Fox News က ကိုးကား ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံသို့ လတ်တလောမရောက်သေးသော အမေရိကန်စစ်လက်နက်ပ စ္စည်းကိရိယာအားလုံးကို ရပ်ဆိုင်းထားမည်ဟု Bloomberg က ဖော်ပြခဲ့သည်။ ထိုအထဲတွင် လေယာဉ်၊ သင်္ဘောတို့ဖြင့်ပို့ဆောင်မည့် လက်နက်များ သို့မဟုတ် ပိုလန်နိုင်ငံရှိ ဖြတ်သန်းရေးဇုန်မှတစ်ဆင့်ပို့ဆောင်ရန်ရှိသည့် လက်နက်များ ပါဝင်သည်ဟု ဆိုသည်။
ယူကရိန်းသို့ပေးနေသည့် လက်နက်အကူအညီများကို ဆိုင်းငံ့ထားလိုက်ရန် ထရန့်က ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်ကို ညွှန်ကြားခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
ယူကရိန်းသို့ စစ်ရေးအကူအညီများပေးပို့နေခြင်းကို ရပ်ဆိုင်းရန် မိမိမဆွေးနွေးဟု ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအတွင်း စစ်ရေးအကူအညီ ဆိုင်းငံ့လိုက်သည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည် ဆိုသော်လည်း ဇယ်လန်းစကီးက ၀ါရှင်တန်၏ပံ့ပိုးကူညီမှုများကို ပိုမိုအသိအမှတ်ပြုသင့်သည်ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက အမေရိကန်အကူအညီကို ပိုမိုအသိအမှတ်ပြုသင့်သည်ဟု ထရန့်က မတ်လ ၃ ရက်တွင်ထပ်မံပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲပြီးဆုံးရေးသည် အလွန့်အလွန် အလှမ်းဝေးနေသည်ဟု ဇယ်လန်း စကီးပြောသောစကားကို အေပီသတင်းဌာန ကဖော်ပြခဲ့ပြီးနောက် ထရန့်ကအထက်ပါ အတိုင်းဒေါသတကြီး တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
Ref: Reuters