ရုရှားသမ္မတပူတင်သည် လူဆိုးတစ်ဦးမဟုတ်ဘဲ ကြီးမြတ်သည့်ခေါင်းဆောင်ဖြစ်ကြောင်း အမေရိကန်သမ္မတထရန့်၏ သံတမန်က ပြောကြား

ရုရှားသမ္မတပူတင်သည် လူဆိုးတစ်ဦးမဟုတ်ဘဲ ကြီးမြတ်သည့်ခေါင်းဆောင်ဖြစ်ကြောင်း အမေရိကန်သမ္မတထရန့်၏ သံတမန်က ပြောကြား
Published 23 March 2025

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လူဆိုးတစ်ဦးမဟုတ်ဘဲ ကြီးမြတ်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သံတမန်တစ်ဦးဖြစ်သူ စတိဗ်ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။

ပူတင်က သူသည် သူ့မိတ်ဆွေဖြစ်သည့် ထရန့် သေနတ်ဖြင့်အပစ်ခံခဲ့ရချိန်က ထရန့်အတွက် ဆုတောင်းပေးခဲ့သည်ဟု မိမိအား ပြောခဲ့ကြောင်း၊ ပူတင်သည် ယုံကြည်စိတ်ချရ သူဖြစ်ကြောင်း ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။

ထရန့်သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံး ပွဲအတွင်း လုပ်ကြံခံခဲ့ရသော်လည်း အသက်သေဆုံးခဲ့ခြင်းမရှိဘဲ နားရွက်ကို ကျည်ဆံမှန်ပြီး ဒဏ်ရာရခဲ့ ခြင်းဖြစ်သည်။

ဝစ်ကော့်ဖ်သည် ပြီးခဲ့သည့်သီတင်းပတ်က ပူတင်နှင့် မော်စကိုတွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုများသည် အပြုသဘောဆောင်ပြီး ဖြေရှင်းမှုကို အခြေခံထားခဲ့ကြောင်း အမေရိကန်မီဒီယာများကို ပြောကြားခဲ့သည်။

ဝစ်ကော့ဖ်သည် လက်ယာယိမ်း ဒစ်ဂျစ်တယ်ရေဒီယို အစီအစဉ်တစ်ခုတွင် အစီအစဉ်မှူး တပ်ကာ ကာလ်ဆင်နှင့် အင်တာဗျူး ပြုလုပ်ချိန်က ပူတင်သည် လူဆိုးတစ်ဦးမဟုတ်ကြောင်း၊ ပူတင်သည် ယူကရိန်းနှင့် သုံးနှစ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် ကြီးမြတ်သော ခေါင်း ဆောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် သူ့ကို သဘောကျတယ်။ သူကလည်း ကျွန်တော့်ကို ရိုးရိုးသားသား ဆက်ဆံခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပူတင်က လူဆိုးတစ်ယောက်လို့ ကျွန်တော်မထင်ပါဘူး။ ဒါက ရှုပ်ထွေးတဲ့ အခြေအနေ ပါ။ ဒီစစ်ပွဲကြောင့် အခြေအနေတွေ ရှုပ်သွားခဲ့တာပါ”ဟု ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။

ထို့ပြင် မဲဆွယ်စည်းရုံးပွဲတွင် ထရန့် သေနတ်ဖြင့် အပစ်ခံခဲ့ရသည့် ပြီး ပူတင်က ၎င်း၏တုံ့ပြန်မှုကို ပြန်လည် ပြောပြခဲ့သည်ဟု ဝစ်ကော့ဖ်က ပြောသည်။

“သမ္မတကြီး သေနတ်နဲ့အပစ်ခံရချိန်မှာ ပူတင်က သူဟာ ဘုရားကျောင်းကိုသွားပြီး ခရစ်ယာန်ဘုန်းတော်ကြီး တွေနဲ့ တွေ့ဆုံခဲ့ ပြီး သမ္မတကြီးအတွက် ဆုတောင်းပေးခဲ့တယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်”ဟု ဝစ် ကော့ဖ်က ပြောကြားခဲ့သည်။

“(ထရန့်ဟာ) အမေရိကန်သမ္မတ ဖြစ်လာနိုင်တာကြောင့်မဟုတ်ဘဲ သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှုနဲ့အတူ သူ့မိတ်ဆွေ အတွက် သူက ဆုတောင်းပေးခဲ့တာပါ”ဟု ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။

ပူတင်သည် နာမည်ကြီး ရုရှားပန်းချီဆရာတစ်ဦး ရေးဆွဲထားသည့် ထရန့်၏ ပုံတူ ပန်းချီကားကိုလည်း ထရန့်အတွက် လက်ဆောင်ထည့်ပေးခဲ့ကြောင်း ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။

အမေရိကန်က ရန်ဘက်တစ်ဦး၊ အာဏာရှင်တစ်ဦးအဖြစ် ကာလကြာရှည် ရှုမြင်ခဲ့သည့် ပူတင်ကို ဝစ်ကော့ဖ်၏ ချီးကျူးဂုဏ်ပြုစကားများသည် ထရန့်၏ ဒုတိယသက်တမ်းအတွင်း ရုရှားနှင့် ဆက်ဆံရေးအတွက် အမေရိကန်၏ ပြောင်းလဲလာသည့်ချဉ်းကပ်မှုကို မီးမောင်းထိုးဖော်ပြရာ ရောက်ခဲ့သည်။

ခက်ခဲသည့် ရွေးချယ်မှုများကို ရင်ဆိုင်နေရသည့် ဇယ်လန်းစကီးအနေဖြင့် ရုရှားနှင့် သဘောတူညီချက် ရယူရန်အချိန် အချိန်ကျပြီဆိုခြင်းကို လက်ခံသင့်ကြောင်း ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။                  

Ref:AFP

Most Read

Most Recent