ကနေဒါဝန်ကြီးချုပ်သစ်ဖြစ်လာတော့မည့် မာ့ခ်ကာနေးက အမေရိကန်ပြည်ထောင်စုနှင့်ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲကို အနိုင်ယူမည်ဟု ပြောကြား

ကနေဒါဝန်ကြီးချုပ်သစ်ဖြစ်လာတော့မည့် မာ့ခ်ကာနေးက အမေရိကန်ပြည်ထောင်စုနှင့်ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲကို အနိုင်ယူမည်ဟု ပြောကြား
အာဏာရလစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသောကြောင့် ကနေဒါဝန်ကြီးချုပ်ဖြစ်လာတော့မည့် မာ့ခ်ကာနေးက ထောက်ခံသူများကို မိန့်ခွန်းပြောနေပုံအား မတ်လ ၉ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အာဏာရလစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသောကြောင့် ကနေဒါဝန်ကြီးချုပ်ဖြစ်လာတော့မည့် မာ့ခ်ကာနေးက ထောက်ခံသူများကို မိန့်ခွန်းပြောနေပုံအား မတ်လ ၉ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 10 March 2025

ကနေဒါဝန်ကြီးချုပ်သစ်ဖြစ်လာတော့မည့် မာ့ခ်ကာနေးက အမေရိကန်ပြည်ထောင်စုကို ရင်ဆိုင်သွားမည်ဟု မတ်လ ၉ ရက်တွင် ပြောကြားလိုက်ပြီး အမေရိကန်သမ္မတဒေါ် နယ်ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲကို အနိုင်ယူ မည်ဟု ပြောကြားခဲ့သည်။

အာဏာရ လစ်ဘရယ်ပါတီက ဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုနေရာတွင် ဆက်ခံရန် ၎င်းအားရွေးချယ်ခဲ့ပြီးနောက် ကာနေးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီတိုက်ပွဲကို ကျွန်တော်တို့က မေတ္တာရပ်ခံတာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က လက်ဝှေ့ထိုးဖို့ပြင်တဲ့အခါ ကနေဒါသားတွေက အမြဲတမ်း အဆင်သင့်ပါပဲ”ဟု ကာနေးက ပါတီထောက်ခံသူများကို ပြောကြားခဲ့ ခြင်းဖြစ်သည်။

“ဒါကြောင့် အမေရိကန်တွေဟာ အမှားမလုပ်သင့်ပါဘူး။ ဟော်ကီမှာလိုပဲ ကုန်သွယ်ရေးမှာလည်း ကနေဒါက အနိုင်ရပါလိမ့်မယ်”ဟု အသက်၅၉ နှစ်အရွယ် ဗဟိုဘဏ်လုပ်ငန်းရှင်ဟောင်း ကာနေးက ပြောကြားခဲ့သည်။ ၎င်းသည် လာမည့်ရက်ပိုင်းတွင် ထရူးဒိုထံမှ ဝန်ကြီးချုပ်ရာထူးကို လက်ခံရယူမည်ဖြစ်သည်။

ကာနေးသည် ဝန်ကြီးချုပ်ရာထူးကို အချိန်ကြာကြာ ရယူထားနိုင်ဖွယ်မရှိပေ။ ကနေဒါသည် အောက်တိုဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သော်လည်း သီတင်းပတ်များအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပနိုင်သည်။ လတ်တလော လူထုသဘောထား စစ်တမ်းများတွင် အတိုက်အခံ ကွန်ဆာဗေးတစ်တို့က အနည်းငယ် ရေပန်းစားနေသည်ကို တွေ့ရသည်။

ထရန့်လက်ထက် အမေရိကန်ပြည်ထောင်စုက ကနေဒါနိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု အောင်ပွဲရမိန့်ခွန်းတွင် ကာနေးက ပြောကြားခဲ့သည်။

“အမေရိကန်တွေက ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ကျွန်တော်တို့ရဲ့ရေ၊မြေနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံကို အလိုရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“အဲဒါဟာ ကျွန်တော်တို့ မယုံကြည်တော့တဲ့ နိုင်ငံကြောင့်ဖြစ်လာတဲ့ အမှောင်နေ့ရက်တွေ ဖြစ်ပါတယ်”ဟု ကာနေးက ဆက်လက်ပြောကြားခဲ့သည်။

၎င်းက ထရန့်သည် ကနေဒါအလုပ်သမားများ၊ မိသားစုများ၊ စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်သည်ဟု စွပ်စွဲခဲ့သည်။

“ထရန့်ကို အနိုင်ရခွင့် မပေးနိုင်ပါဘူး”ဟု ကာနေးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က တစ်ယောက်ချင်းရင်ဆိုင်ဖို့နဲ့ ကနေဒါဘဝနေနည်းတို့အတွက် တောင်းဆိုခံထားရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကနေဒါဘဏ်နှင့် အင်္ဂလန်ဘဏ်တို့ကို ယခင်တုန်းက ဦးဆောင်းခဲ့သော ကာနေးသည် ပါတီခေါင်းဆောင် ရွေးပွဲွတွင် အဓိကစိန်ခေါ်သူ ထရူးဒို၏ဒုတိယဝန်ကြီးချုပ်ဟောင်း ခရစ္စတီးဖရီးလန်းကို အနိုင်ရခဲ့့ခြင်း ဖြစ်သည်။

ကာနေးသည် ဆန္ဒမဲ ၁၅၂,၀၀၀ နီးပါး၏ ၈၅ ဒသမ ၉ ရရှိခဲ့သည်။ ဖရီးလန်းက မဲ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

အမေရိကန်သမ္မတ ထရန့်က ကနေဒါကို ပိုင်နက်အဖြစ် သိမ်းယူပြီး ကနေဒါစီးပွားရေး၏ အသက်သွေးကြော ဖြစ်သည့် နှစ်ဦးနှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေးကို လုပ်ဆောင်ချင်သည်ဟု ပြောကြားထား သည်။                                                         

Ref:AFP

Most Read

Most Recent