
အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ်က ၎င်း၏ရှိုးပွဲကို လာအားပေးသည့် ကိုယ်ဝန်ဆောင်သည် ပရိသတ်တစ်ဦးကို လက်ဆောင်ပေးသည့်အနေဖြင့် အမေရိကန်ဒေါ်လာသုံးသောင်း ပေးကမ်းခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ရှိ Qudos Bank Arena တွင် ကျင်းပသည့် ဒရိတ်ခ်၏ ရှိုးပွဲသို့ တီယာနာ ဟန်ဒါဆင်ဆိုသည့် ကိုယ်ဝန်ဆောင်သည်တစ်ဦး လာရောက်အားပေးခဲ့ပြီး လူအုပ် နှင့်ရောကာ လက်ကိုင်စာတန်း ကိုင်လျက်အားပေးနေသည့် စင်ရှေ့နားမှ ထိုအမျိုးသမီးကို ဒရိတ်ခ်က တွေ့သွားခဲ့သည်။
တီယာနာ ကိုင်ထားသည့်စာက “ကျွန်မရဲ့ကိုယ်ဝန် သီတင်းပတ် ၂၀ ရှိနေပါပြီ”ဟု ရေးထားသည်။ Tik Tok ပေါ်တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ဒရိတ်ခ်က တီယာနာနှင့် သူငယ်ချင်းဆိုသူတို့ကို VIP ထိုင်ခုံသို့ရွှေ့ပေးရန် ၎င်း၏အဖွဲ့ကို လှမ်းပြောခဲ့သည်။ထိုု့ပြင် တီယာနာ၏ ရင်သွေးအတွက် ငွေကြေးလက်ဆောင်လည်း ပေးခိုင်းခဲ့သည်။
“ကိုယ်ဝန်အပတ် ၂၀ ရှိနေပြီလား။ ဒီလူအုပ်ထဲမှာ မနေနဲ့လေ။သူ့ကို VIP လက်မှတ် ပေးလိုက်။ ဒေါ်လာ သုံးသောင်းပါ ပေးလိုက်။ ဘယ်ကောင်က ကိုယ်ဝန်ဆောင်သည်ကို ဒီလိုနေရာ ခေါ်လာတာလဲ”ဟု ဒရိတ်ခ်က ပြောခဲ့သည်။
ထို့နောက်တီယာနာနှင့် သူငယ်ချင်းဆို သူတို့ကို ရှိုးပွဲ၏ ရပ်ကြည့်တန်းနေရာမှ ခေါ်ထုတ်သွားပြီး VIP ထိုင်ခုံတန်းသို့ ရွှေ့ပေးလိုက်ကြသည်။ ဒရိတ်ခ်က ပရိသတ်များ ကိုင်ထားသည့် လက်ကိုင်စာတန်းများကို ဆက်ပြီး ဖတ်နေခဲ့သည်။
God’s Plan သီချင်းသီဆိုသူ ဒရိတ်ခ်၏ ရက်ရောပေးကမ်းမှုကို ယခုဆစ်ဒနီရှိုးပွဲတွင် ပထမဆုံးမြင်ရခြင်း မဟုတ်ပေ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မက်ဒေါ်နယ်ဆိုင်မှ အလုပ်ထွက်ချင်နေသည့် အမျိုးသားပရိသတ်တစ်ဦးကို ဒရိတ်ခ်က ငွေကြေးအကူအညီ ပေးခဲ့သေးသည်။
ထို့ပြင် ပြီးခဲ့သည့်တစ်ပတ်က မဲလ်ဘုန်းမြို့ရှိ Rod Laver Arena တွင် ကျင်းပသည့် ရှိုးပွဲတွင် ဒရိတ်ခ်က ကိုယ်ဝန်ဆောင်သည်တစ်ဦးကို ငွေကြေးဖြင့် ကူညီခဲ့ပြန်သည်။
၎င်းအမျိုးသမီးက ရင်သွေးကို မိန်းကလေး၊ ယောကျ်ားလေး ခန့်မှန်းခိုင်းသည့် စာတန်းကို ကိုင်ထားခဲ့သည်။ ဒရိတ်ခ်က ကလေးကို ယောကျ်ားလေးဟု ခန့်မှန်းပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း လက်ဆောင်ပေး လိုက်သည်။