မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ရှီအိုယူကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ရှီအိုယူကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ
Photo: Town Full
Photo: Town Full
Published 2 September 2024

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် ပြီးခဲ့သည့် သြဂုတ်(၃၀) ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ရှီအိုယူကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

Boostrong Kun Khmer King of The Ring ဟု အမည်ပေးထားသည့် ခွန်ခမာပြိုင်ပွဲကိုသြဂုတ်(၃၀) ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြိုတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်နှင့် တရုတ်ဖိုက်တာ ရှီအိုယူသည် (၆၃.၅) ကီလိုတန်းတွင် ခွန်ခမာစည်းမျဉ်းအတိုင်း (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပထမအချီတွင် ပြိုင်ဘက်ဖိုက်တာ၏ အခြေအနေကို အကဲစမ်းသည့်အနေဖြင့် ထိန်းထိုးခဲ့ပြီး ခြေကန်ချက်များကိုပင် သိပ်အသုံးမပြုခဲ့သည်ကို တွေ့ရသည်။

စိုးမိုးဇော်သည် ဘယ်ညာလက်သီးတွဲလုံးများကိုသာ အဓိကအားပြုသုံးခဲ့သည်။

ဒုတိယအချီတွင်လည်း စိုးမိုးဇော်သည် လက်သီးတွဲလုံးများကိုသာ အားပြုသုံးခဲ့သလို ပြိုင်ဘက်တရုတ်ဖိုက်တာ ရှီအိုယူမှာလည်း တန်ပြန်ပြီး ပြိုင်ထိုးဆိုင်ထိုးခဲ့သောကြောင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး မြိုင်ဆိုင်ခဲ့ကာ ကြည့်ကောင်းသည့် ပွဲ တစ်ပွဲ ဖြစ်ခဲ့သည်။

တတိယအချီတွင် စိုးမိုးဇော်မှာ ပွဲကို အဆုံးသတ်လိုအား ပိုမိုပြင်းထန်ခဲ့ပြီး အတင်းဝင်ကာ ဖိအားပေးထိုးသတ်လာခဲ့သည်။

စိုးမိုးဇော်၏ ထိုးချက်များကြောင့် ဒုတိယအချီကတည်းက အထိနာနေသည့် တရုတ်ဖိုက်တာ ရှီအိုယူသည် ညာမျက်လုံးပိတ်သွားခဲ့သလို ညာမျက်ခုံးကွဲသွားသောကြောင့် ဆက်ထိုးရန်မသင့်ဟုဆိုကာ စိုးမိုးဇော်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ယခုနောက်ပိုင်းတွင် ခွန်ခမာပြိုင်ပွဲများကိုသာ အခြေစိုက်ထိုးသတ်နေသူဖြစ်ပြီး အောင်မြင်မှုများရရှိနေသူဖြစ်သည်။

စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့့််သြဂုတ်(၉) ရက်က လာအိုဖိုက်တာ ဆင်းရိုင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

စိုးမိုးဇော်သည် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲ(၆၃.၅)ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး တတိယနေရာလုပွဲတွင် ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိသောကြောင့် အရှုံးပေးခဲ့ပြီး အဆင့်(၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။