ကိုလံဘီယာကိုရှုံးနိမ့်သည့် ကိုပါပွဲအပြီး ပွဲကြည့်စင်ပေါ်တက်၍ ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် (၅) ပွဲပယ်ခံရ

ကိုလံဘီယာကိုရှုံးနိမ့်သည့် ကိုပါပွဲအပြီး ပွဲကြည့်စင်ပေါ်တက်၍ ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် (၅) ပွဲပယ်ခံရ
Photo: X
Photo: X
Published 29 August 2024

လီဗာပူးလ်အသင်းမှ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ကိုလံဘီယာအသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် ၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲအပြီးတွင် ပွဲကြည့်စင်ပေါ်တက်၍  ကိုလံဘီယာပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် (၅) ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေချမှတ်ခံခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ (၁၀) ရက်က ကစားခဲ့သည့် ၂၀၂၄ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ် ဥရုဂွေး (၀-၁) ကိုလံဘီယာပွဲအပြီးတွင် အကျဉ်းတန်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဒါဝင်နူးနက်ဇ်နှင့် ၎င်း၏ဥရုဂွေးအသင်းဖော်များသည် ပွဲကြည့်စင်ပေါ်တက်ကာ ကိုလံဘီယာပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က များပြားလှသည့် ကိုလံဘီယာပရိသတ်များသည် ဥရုဂွေးလက်ရွေးစင်ကစားသမားများ၏ မိသားစုများကို ရန်လိုသည့်အတွက် ကစားသမားများအနေဖြင့် ၎င်းတို့၏မိသားစုများကို ကာကွယ်ရန်အတွက် ပွဲကြည့်စင်ပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ပွဲကြည့်စင်ပေါ်သို့ မတက်မီကာပင် ကိုလံဘီယာပရိသတ်များကို ကွင်းအတွင်းမှ ခုံဖြင့်ပစ်ပေါက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေးများက တားခဲ့ရသည်။

ထို့ပြင် ဒါဝင်နူးနက်ဇ်သည် ဥရုဂွေးအသင်းဖော်များနှင့်အတူ ပွဲကြည့်စင်ပေါ် တက်ရောက်ပြီးနောက် ကိုလံဘီယာပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လက်သီးဖြင့် ထိုးကြိတ်ရန်ကြိုးပမ်းခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ယခုအခါ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)က အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့ကြသည့် ဒါဝင်နူးနက်ဇ်နှင့် ဥရုဂွေးကစားသမားများကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

CONMEBOL က အဆိုပါဖြစ်ရပ်အတွက် လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို နိုင်ငံတကာ (၅) ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ယူရို (၂၀၀၀၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် ဥရုဂွေးကစားသမား (၁၁) ဦးမှာ ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး ဒါဝင်နူးနက်ဇ်မှာ အများဆုံးဖြစ်ကာ ဘန်တန်ကာက (၄) ပွဲပယ်ပြစ်ဒဏ်၊ အိုလီဗီယာ၊ အာရူဟိုနှင့် ဟီမင်နက်ဇ်တို့မှာ (၃) ပွဲ ပယ်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရကာ အခြားဥရုဂွေးကစားသမား (၆)ဦးမှာမူ ဒဏ်ငွေများ ချမှတ်ခံခဲ့ရကြောင်းသိရသည်။

CONMEBOL က ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ နိုင်ငံလက်ရွေးစင်အသင်းအတွက်သာ အကျုံးဝင်သဖြင့် ဒါဝင်နူးနက်ဇ်နှင့်အတူ ပြစ်ဒဏ်ချမှတ်ခံရသည့်ကစားသမားအနေဖြင့် ကလပ်အသင်းများအတွက် ကစားနိုင်မည်ဖြစ်သည်။

ဒါဝင်နူးနက်ဇ်သည် ယခုပြစ်ဒဏ်ကြောင့် ပါရာဂွေး၊ ဗင်နီဇွဲလား၊ ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာတို့နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်မည်ဖြစ်သည်။ 

Most Read

Most Recent