အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ဖရိုဖရဲဆုတ်ခွာခဲ့ခြင်းနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က သမ္မတဂျိုးဘိုင်ဒင်နှင့်အတူ ပြိုင်ဘက်ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ဆက်စပ်ဝေဖန်

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ဖရိုဖရဲဆုတ်ခွာခဲ့ခြင်းနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က သမ္မတဂျိုးဘိုင်ဒင်နှင့်အတူ ပြိုင်ဘက်ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ဆက်စပ်ဝေဖန်
အမေရိကန်အမျိုးသားအစောင့်တပ် အစည်းအရုံး၏ညီလာခံကို ဒေါ်နယ်ထရန့် မိန့်ခွန်းပြောနေပုံအား သြဂုတ် ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အမေရိကန်အမျိုးသားအစောင့်တပ် အစည်းအရုံး၏ညီလာခံကို ဒေါ်နယ်ထရန့် မိန့်ခွန်းပြောနေပုံအား သြဂုတ် ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 27 August 2024

ဒေါ်နယ်ထရန့်က အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ဖရိုဖရဲဆုတ်ခွာခဲ့ခြင်းနှင့်ပတ်သက်၍ သြဂုတ်၂၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်နှင့်အတူ ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ဆက်စပ်ဝေဖန်ခဲ့သည်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၁၃ ဦးသေဆုံးမှု သုံးနှစ်မြောက်နှစ်ပတ်လည်နေ့တွင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်က ဒုတိယသမ္မတကာမလာဟဲရစ်ကို ဝေဖန်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရေးအတွက် တာလီ ဘန်နှင့်သဘောတူလက်မှတ်ရေးထိုးခဲ့သူမှာ ၂၀၂၀ ပြည့်နှစ်တွင် သမ္မတအဖြစ်ထမ်းဆောင်ခဲ့သော ဒေါ်နယ်ထရန့်ဖြစ်သည်။

အာဖဂန်ရောက် အမေရိကန်စစ်သားများကို ပြန်လည်ရုပ်သိမ်းရေးကိစ္စမှာ လအနည်းငယ် ကြန့်ကြာခဲ့ပြီးနောက် တပ်များပြန်ရုပ်ရေးကိစ္စကို ၂၀၂၁ ခုနှစ်တွင် နောက်ဆုံး အကောင်အထည်ဖော်ခဲ့သူမှာ သမ္မတ ဂျိုးဘိုင်ဒင်ဖြစ်ပြီး ယင်းသို့အမေရိကန်စစ်သားများကို ပြန်လည်ရုပ်သိမ်းခြင်းသည် ဘိုင်ဒင်အစိုးရအဖွဲ့၏အဆိုးရွားဆုံး ဆောင်ရွက်ချက်တစ်ခုဖြစ်ခဲ့သည်။

ထရန့်သည် ထိုကိစ္စနှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်ကို ပုံမှန် ဝေဖန်ခဲ့သည်ဆိုသော်လည်း  ၂၀၂၄  အမေရိကန်သမ္မတရွေးပွဲအတွက် ဂျိုးဘိုင်ဒင်၏နေရာကို ဒုတိယသမ္မတကာမလာဟဲရစ် အစားဝင်လာချိန်ကတည်းက ထရန့်သည် အိမ်ဖြူတော်မူဝါဒဆုံးဖြတ်ချက်များအတွက် ဟဲရစ်ကို အဓိက အပြစ်တင်လာခဲ့သည်။

“အမေရိကန်စစ်သားတွေကို ရုပ်သိမ်းခြင်းကြောင့်ဖြစ်ပေါ်တဲ့ အရှက်စရာဟာ အမေရိကန်  စိတ်ချယုံကြည်မှုကို ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ ဒါဟာဟဲရစ်နဲ့ဘိုင်ဒင်တိ့ု ကြောင့်ဖြစ်ရတာဖြစ်ပါတယ်”ဟု ဒတ်ထရွိုက်၌ အမေရိကန် အမျိုးသားအစောင့်တပ်အစည်းအရုံးကို မိန့်ခွန်းပြောကြားရာတွင် အသက် ၇၈ နှစ်အရွယ် ထရန့်က ပြောကြားခဲ့သည်။

“အခုတော့ မဲဆန္ဒရှင်တွေဟာ နိုဝင်ဘာ ၅ ရက်မှာ ကာမလာနဲ့ဂျိုး(ဘိုင်ဒင်)တို့ကို ဖြုတ်ပစ်ကြတော့မှာပါ။ ကျွန်တော်သမ္မတဖြစ်တဲ့အခါ သမ္မတရာထူးအပ်နှင်းခံရတဲ့နေ့ရဲ့ ညနေပိုင်းမှာပဲ အာဖဂန်နစ္စတန် အရှက်ရစ ရာကိစ္စကို လုပ်ဆောင်ခဲ့တဲ့ အကြီးတန်းတာဝန်ရှိသူ တစ်ယောက်စီတိုင်းဟာ ကျွန်တော်ရဲ့စားပွဲကို နုတ်ထွက်စာတွေ လာတင်ကြမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်စစ်သားများကို ရုပ်သိမ်းရန်စီစဉ်ထားသည့်နေ့မတိုင်မီ အမေရိကန်ကျော ထောက်နောက်ခံပေးထားသော အာဖဂန်နစ္စတန်အစိုးရအဖွဲ့ပြိုလဲခဲ့ပြီး ယင်းအစိုးရအဖွဲ့၏ခေါင်းဆောင်များ ပြည်ပသို့ထွက်ပြေးခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် တာလီဘန်တပ်ဖွဲ့များက အာဖဂန် မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့သည်။

လူများပြည့်ကျပ်နေသော ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းထဲ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၀၂၁ ခုနှစ် သြဂုတ် ၂၆ ရက်တွင် အမေရိကန်စစ်သား ၁၃ ဦးနှင့်အာဖဂန် ၁၇၀ သေဆုံးခဲ့ရသည်။ ထို လေဆိပ်တွင်ရက်ပိုင်းအတွင်း လူ ၁၂၀,၀၀၀ ကျော်ကို စစ်လေယာဉ်ဖြင့် သယ်ဆောင်ပေးနေစဉ် အဆိုပါ ဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်သားများက လေဆိပ်တစ်ခုလုံးကို မထိန်းချုပ်နိုင်မီ ကြောက်နေသော အာဖဂန်သားများက လေယာဉ်များပေါ်တိုးဝှေ့တက်ခဲ့ကြသည်။       

Ref: AFP

Most Read

Most Recent