လေဗာကူဆင်၊ အလွန်ဆိုနဲ့ရာသီသစ်စိန်ခေါ်သံ

လေဗာကူဆင်၊ အလွန်ဆိုနဲ့ရာသီသစ်စိန်ခေါ်သံ
Photos: AFP
Photos: AFP
Published 21 August 2024
Phoe Thar

လေဗာကူဆင်ကတော့ ပြိုင်ပွဲတိုင်းမှာ ရေပန်းစားခြင်းမရှိ၊ အစဉ်အလာမရှိဘဲနဲ့ ဘယ်သူမှ မထင်မှတ်ထားတဲ့အချိန်မှာမှ ချန်ပီယံဆုတွေကို သိမ်းကျုံးရယူခဲ့တာဖြစ်လို့ မော်ဒန်ခေတ်ဘောလုံးလောကရဲ့ အံ့အားသင့်စရာ အကောင်းဆုံးအောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ လေဗာကူဆင်ရဲ့ ဂန္ထဝင်မြောက် အောင်ပွဲမှတ်တမ်းတွေနဲ့အတူ စပိန်လူမျိုး နည်းပြ အလွန်ဆိုရဲ့ နည်ပြဘဝပုံရိပ်ကလည်း ခြေလှမ်းအစမှာတင် ပရိသတ်နှလုံးသားထဲအထိ ရောက်ခဲ့တယ်။ စပိန်လူမျိုးနည်းပြနဲ့ ဂျာမန်ကလပ်အသင်းတစ်သင်းရဲ့ မထင်မှတ်ထားသော ပေါင်းစည်းမှုမှာ ဥရောပဘောလုံးရပ်ဝန်းရဲ့ အလှဆုံးသော ပုံပြင်တစ်ပုဒ်ကို ဖန်တီးပေးခဲ့တယ်။ နောက်ထပ်သက္ကရာဇ်တွေကြာအောင် တသသ ပြောနေရမယ့် အောင်မြင်မှုတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တယ်။

 

သြဂုတ် (၁၈) ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၄ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားချန်ပီယံ လေဗာကူဆင်အသင်းက ဘွန်ဒစ်လီဂါအဆင့် (၂) ရ စတုဂတ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တယ်။ စူပါဖလားအဆင့်အတန်းနဲ့ ဂုဏ်သိက္ခာအရ ထိပ်တန်းအသင်းကြီးတွေအတွက် မက်မောလောက်စရာ အောင်ပွဲမဟုတ်ပေမယ့် လေဗာကူဆင်အသင်းအတွက်တော့ သမိုင်းဝင်စံချိန်မှတ်တမ်းတွေနဲ့အတူ ခမ်းနားထည်ဝါခဲ့တယ်။ ဒါ့ပြင် အပြင်းထန်ဆုံးသောစိန်ခေါ်မှုတွေ၊ အခက်ခဲဆုံးသောပွဲစဉ်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းရမယ့် ၂၀၂၄-၂၅ ရာသီသစ်အတွက်လည်း ယုံကြည်မှုပြည့်ဝစေမယ့် အောင်ပွဲဖြစ်ခဲ့တယ်။ လေဗာကူဆင်နဲ့ နည်းပြအလွန်ဆိုတို့အတွက်တော့ ပြီးခဲ့တဲ့ရာသီကတည်းက အံ့မခန်းစွမ်းဆောင်ရည်တွေနဲ့ အစပြုခဲ့တဲ့ ချိုမြိန်ခြင်းနေ့စွဲတွေဟာ လက်ရှိရာသီသစ်စတင်ဖို့ နီးကပ်နေချိန်အထိကို အဓွန့်ရှည်တည်မြဲနေဆဲပါပဲ။

၂၀၂၄ ဂျာမန်စူပါဖလားချန်ပီယံဆုဟာ လေဗာကူဆင်အသင်းအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ စူပါဖလားအောင်ပွဲဖြစ်ပြီး ပြိုင်ပွဲသမိုင်းမှာ (၉)သင်းမြောက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒါ့ပြင်လေဗာကူဆင်အသင်းအနေနဲ့ နောက်ဆုံး (၄)လအတွင်း ဆုဖလား (၃)လုံး (ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ စူပါ ဖလား) ကိုင်မြှောက်နိုင်ခြင်း ဖြစ်ခဲ့ပြီး  အသင်းသမိုင်းရဲ့ စံချိန်တင်စွမ်းဆောင်နိုင်မှုဖြစ်ခဲ့တယ်။ ဒီလို အောင်ပွဲမှတ်တမ်းတွေ ဂျာမန်ဘောလုံးသမိုင်းမှာ အကြိမ်ကြိမ်အခါခါရှိခဲ့ပေမယ့် လေဗာကူဆင်ကတော့ ပြိုင်ပွဲတိုင်းမှာ ရေပန်းစားခြင်းမရှိ၊ အစဉ်အလာမရှိဘဲနဲ့ ဘယ်သူမှ မထင်မှတ်ထားတဲ့အချိန်မှာမှ ချန်ပီယံဆုတွေကို သိမ်းကျုံးရယူခဲ့တာဖြစ်လို့ မော်ဒန်ခေတ်ဘောလုံးလောကရဲ့ အံ့အားသင့်စရာ အကောင်းဆုံးအောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ လေဗာကူဆင်ရဲ့ ဂန္ထဝင်မြောက် အောင်ပွဲမှတ်တမ်းတွေနဲ့အတူ စပိန်လူမျိုး နည်းပြ အလွန်ဆိုရဲ့ နည်ပြဘဝပုံရိပ်ကလည်း ခြေလှမ်းအစမှာတင် ပရိသတ်နှလုံးသားထဲအထိ ရောက်ခဲ့တယ်။ စပိန်လူမျိုးနည်းပြနဲ့ ဂျာမန်ကလပ်အသင်းတစ်သင်းရဲ့ မထင်မှတ်ထားသော ပေါင်းစည်းမှုမှာ ဥရောပဘောလုံးရပ်ဝန်းရဲ့ အလှဆုံးသော ပုံပြင်တစ်ပုဒ်ကို ဖန်တီးပေးခဲ့တယ်။ နောက်ထပ်သက္ကရာဇ်တွေကြာအောင် တသသ ပြောနေရမယ့် အောင်မြင်မှုတွေနဲ့ မှတ်ကျောက် တင်နိုင်ခဲ့တယ်။

ဒီလိုတခမ်းတနားညွှန်းဆိုရအောင်လည်း အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းအတွက်စွမ်းဆောင်ပေးနိုင်ခဲ့မှုတွေက တကယ်ကိုသမိုင်းဝင်အခိုက်အတန့်တွေပါပဲ။ လေဗာကူဆင်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် မေဂျာဆုဖလား (၅)လုံးသာရရှိခဲ့ပြီး (ဂျာမန်ဖလား ၂ ကြိမ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်စူပါဖလား၊ ယူရိုပါလိဂ် ၁ ကြိမ်စီ) ဒီအထဲက မှ (၃)လုံးကို အလွန်ဆိုနဲ့အတူ ၂၀၂၄ ခုနှစ်အတွင်း ရယူနိုင်ခဲ့တာပါ။ ဒါ့ပြင် ပြီး ခဲ့တဲ့ရာသီမှာရရှိခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံဆုဟာ လေဗာကူဆင်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရယူနိုင်တဲ့ အမြင့်ဆုံးသောအမှတ် ပေးချန်ပီယံဆုဖြစ်သလို၊ ဂျာမန်ဖလားချန်ပီယံဆုဟာလည်း ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ဆယ်စုနှစ် (၃)ခုကျော်အကြာမှ တစ်ကျော့ပြန်ဗိ်ုလ်စွဲနိုင်တဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ နောက်ထပ်ချီးကျူးရမှာက လေဗာကူဆင်အသင်းဟာ အလွန်ဆိုနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပြီး စီးရီးအေကလပ် အတ္တလန်တာကိုအရေးနိမ့်ခဲ့လို့သာ ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။  ဒါပေမဲ့ လေဗာကူဆင်အသင်းအတွက် ၁၉၈၇-၈၈ ရာသီ နောက်ပိုင်း ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတစ်ကျော့ပြန်တက်ရောက်နိုင်ခြင်း ဖြစ်ခဲ့သလို၊ ၂၀၀၁-၀၂ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ပြီး နောက်ပိုင်း ဥရောပပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ဆီ ပထမဆုံးအကြိမ်တက်ရောက် နိုင်ခြင်းဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း အလွန်ဆိုကို လေဗာကူဆင်အတွက် ကောင်းခြင်းတရားတွေ၊ လှသော အနာဂတ်တွေနဲ့ အခမ်းနားဆုံး အောင်ပွဲတွေ ယူဆောင်လာပေးသူလို့ ချီးကျူးခဲ့ကြတာပါ။

လေဗာကူဆင်နဲ့ အလွန်ဆိုတို့ရဲ့ ပေါင်းစည်းမှုက သိပ်ကိုရိုးရှင်းခဲ့တယ်။ လီဗာပူးလ်၊ ရီးယဲလ်နဲ့ဘိုင်ယန်မြူးနစ်အသင်းတွေမှာကစားခဲ့တဲ့ စပိန်ဂန္ထဝင်ကွင်းလယ်လူအလွန်ဆိုဟာ ၂၀၂၂ အောက်တို ဘာလမှာ လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ပြီး ပရော်ဖက်ရှင်နယ်နည်းပြလောကထဲကို ဝင်ရောက်လာခဲ့တယ်။ လေဗာကူဆင်အသင်းကို မကိုင်တွယ်မီက ဆိုစီဒက် (B)အသင်းကိုသာ ကိုင်တွယ်ခဲ့ဖူးတဲ့ အလွန်ဆိုအပေါ် မျှော်လင့်ချက်တွေ နည်းပါးခဲ့တာအမှန်ပါ။ ဒါ့ပြင် လေဗာကူဆင်အသင်းဟာလည်း ဂျာမန်ဘောလုံးလောကရဲ့ ပုံရိပ်တစ်ခုရှိတဲ့အသင်းဆိုပေမယ့် ဆုဖလားတွေအတွက် ဖြစ်နိုင်ခြေမရှိလို့ အလွန်ဆိုအတွက် စမ်းသပ်မှုအဆင့်လို့ ပဲ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလွန်ဆိုဟာ ဆိုစီဒက်လူငယ်အသင်းကို ကိုင်တွယ်စဉ်ကတည်းက အလားအလာရှိတဲ့နည်းပြတစ်ဦးရဲ့အရည်အသွေးတွေနဲ့အတူ ရီးယဲလ်မက်ဒရစ်နည်းပြဖြစ်လာဖို့အထိသတင်းထွက်ခဲ့သူဖြစ်သလို၊ စပိန်လူမျိုး နည်းပြတွေရဲ့ အောင်မြင်မှု၊ လွှမ်းမိုးမှုတွေက အလွန်ဆိုအပေါ် စောင့်ကြည့်ချင်စရာဖြစ်စေခဲ့တယ်။ တကယ်လက်တွေ့မှာလည်း အလွန်ဆိုဟာ လေဗာကူဆင်နဲ့ ခြေလှမ်းအစမှာပဲ ရလဒ်ကောင်းတွေနဲ့ အတူ ပရိသတ်အာရုံစိုက်မှုရရှိခဲ့တယ်။ ၂၀၂၂-၂၃ ရာသီမှာ အသင်းကိုရာသီပြည့်မကိုင်တွယ်ခဲ့ရပေမယ့် လက်ကျန်ရာသီဝက်ကာလမှာပဲ တစ်မူထူးခြားတဲ့ လေဗာကူဆင်အသင်းအဖြစ်ပြောင်းလဲပေးခဲ့တယ်။ ဂျာမန်ဘောလုံးရဲ့ မာမာကျောကျောနဲ့တွန်းတွန်းတိုက်တိုက်ကစားပုံအစား၊ စပိန်ဘောလုံးရဲ့ ဟန်ချက်ညီအသင်းလိုက်စုဖွဲ့မှုပုံစံအဖြစ်ပြောင်း လဲပေးခဲ့တယ်။ အဲဒီရာသီမှာ လေဗာကူဆင်ဟာ  ဘွန်ဒစ်လီဂါမှတ်ပေးဇယားအဆင့် (၆)နေရာနဲ့ရာ သီသိမ်းခဲ့သလို၊ ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ် အထိရောက်ရှိခဲ့တယ်။ ဆုဖလားတွေမရခဲ့ပေမယ့် ဒီစွမ်းဆောင်ရည်မှတ်တမ်းကပဲ အလွန်ဆိုရဲ့ဂျာမန်မြေခြေလှမ်းအစအတွက်အောင်မှတ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကတော့ အလွန်ဆိုအတွက် ဂုဏ်ထူးမှတ်နဲ့ အောင်ပွဲဆင်ခဲ့ခြင်းပါပဲ။ အသင်းက သမိုင်းဝင်ဆုဖလားတွေရခဲ့သလို၊ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိချန်ပီယံအဖြစ် အံ့ချီးဖွယ်စံချိန် မှတ်တမ်းကိုတင်ရှိနိုင်ခဲ့တယ်။ ဒါ့ပြင် ပြီးခဲ့တဲ့တစ်ရာ သီလုံးပြိုင်ပွဲစုံ (၅၃) ပွဲကစားရာမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး (၄၃)ပွဲနိုင်၊ (၉)ပွဲသရေရလဒ်နဲ့ ဘောလုံးကမ္ဘာကိုတုန်လှုပ်စေခဲ့တယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီအထိ ပြိုင်ပွဲစုံ (၅၁) ပွဲဆက်ရှုံး ပွဲမရှိခဲ့တာက ဥရောပနဲ့ ဘွန်ဒစ်လီဂါရဲ့ စံချိန်မှတ်တမ်းဖြစ်ခဲ့တယ်။ ၂၀၂၃-၂၄ ရာသီရဲ့ ဂျာမန်ဘောလုံးရပ်ဝန်းဟာ လေဗာကူဆင်နဲ့စလို့ အလွန်ဆိုနဲ့ အဆုံးသတ်ခဲ့တယ်လို့ဆိုရမယ့်အထိ ကိန်းခန်းကြီးမားလွန်းခဲ့တယ်။

အောင်မြင်မှုတွေ၊ ဆုဖလားတွေဟာရယူဖို့ထက်ကာကွယ်ဖို့ခက်ခဲတယ်ဆိုတဲ့ မှတ်ချက်စကားအတိုင်း ပြီးခဲ့တဲ့ရာသီမှာ ဂျာမန်ဘောလုံးလောကရဲ့ ပြိုင်ဘက်ကင်းအသင်းအဖြစ် သရဖူဆောင်းခဲ့တဲ့ လေဗာကူဆင်အတွက် ၂၀၂၄-၂၅ ရာသီသစ် နဲ့အတူ စိန်ခေါ်မှုတွေက စောင့်ကြိုနေခဲ့ပါပြီ။ လေဗာကူဆင်အတွက် ကျေနပ်စရာလို့ဆိုရမှာက နည်းပြအလွန်ဆိုကိုအသင်းမှာဆက်ထိန်းနိုင်ခဲ့တာ (အလွန်ဆိုကိုယ်တိုင်ဆက်နေရန် ရွေးချယ်ခဲ့ခြင်းဖြစ်)၊ ပြီးခဲ့တဲ့ရာသီ ချန်ပီယံခရီးလမ်းမှာ အဓိကကျခဲ့တဲ့ ကစားသမားအားလုံးကို ဆက်ထိန်းနိုင်ခဲ့တာနဲ့ ရာသီသစ်အကြိုမှာ ဂျာမန်စူပါဖလားအောင်ပွဲတွေကို ရရှိခဲ့တာပါပဲ။ လာမယ့်ရာသီသစ်ဟာ လေဗာကူဆင် နဲ့ အလွန်ဆိုအတွက် ကောက်ရိုးမီးလား၊ ဖွဲမီးလားဆိုတာကို အဖြေထုတ်ပေးမှာဖြစ်ပြီး ဆုဖလားတွေရ၊ မရဆိုတာထက် ပြီးခဲ့ရာသီနဲ့ များစွာမကွာဟတဲ့ရပ်တည်မှုမျိုးကို စွမ်းဆောင်ပြနိုင်မယ်ဆိုရင်ပဲ မဖြစ်မနေချီးကျူးရမှာပါ။ သေချာတာကတော့ လာမယ့် ရာသီသစ်မှာ လေဗာကူဆင်နဲ့ အလွန်ဆိုတဲ့ဆုဖလားတွေနဲ့ ဝေးကွာခဲ့မယ်ဆိုရင်တောင် သမိုင်းဝင်ခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအောင်မြင်မှုတွေက အခမ်းနားဆုံးသောပုံရိပ်တွေအဖြစ်ရှိနေဦးမယ်ဆိုတာပါပဲ။ အထူးသဖြင့် ၂၀၀၁-၀၂ ရာသီနောက်ပိုင်းကတည်းက ရှုံးထွက် (၁၆)သင်းအဆင့်သာအမြင့်ဆုံး ရောက်ရှိထားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတိုင်းအတာတစ်ခုထိစွမ်းဆောင်ပြနိုင်ဖို့က လေဗာကူဆင်နဲ့ အလွန်ဆိုအတွက်အရေးကြီးဆုံးတိုက်ပွဲလို့ဆိုရမှာဖြစ်ပြီး အလွန်ဆိုအတွက်နည်းပြဘဝနောက် ထပ်မှတ်ကျောက်တစ်ခုဖြစ်လာပါလိမ့်မယ်။ သမိုင်းဝင်အောင်ပွဲတွေအရယူအပြီးမှာတော့ လေဗာကူဆင်အတွက် ပိုမိုခက်ခဲတဲ့စိန်ခေါ်မှုတွေ၊ ဖိအားတွေနဲ့ တိုက်ပွဲတွေရောက်ရှိလာတော့မှာပါ။ ရာသီသစ်ခရီးကြမ်းအတွက် လေဗာကူဆင်နဲ့ အလွန်ဆိုတို့ အသင့်အနေအထားဖြစ်ပြီလားဆိုတာကတော့ . . .

Most Read

Most Recent