၂၀၂၄ ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပပြီးစီးခဲ့ပြီး အမေရိကန်က နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် (၄)ကြိမ်ဆက်တိုက် ထိပ်ဆုံး၌ရပ်တည်

၂၀၂၄ ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပပြီးစီးခဲ့ပြီး အမေရိကန်က နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် (၄)ကြိမ်ဆက်တိုက် ထိပ်ဆုံး၌ရပ်တည်
Photo: AFP
Photo: AFP
Published 12 August 2024

(၃၃)ကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့သည့် ၂၀၂၄ ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲကို သြဂုတ်လ (၁၁)ရက်က ကျင်းပပြီးစီးခဲ့ပြီး အမေရိကန်က နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် တရုတ်ကို နှာတစ်ဖျားအသာဖြင့်ကျော်ဖြတ်ကာ ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးဘက်စကတ်ဘောပြိုင်ပွဲတွင် အမေရိကန်အသင်းက ပြင်သစ်အသင်းကို (၆၇-၆၆)မှတ်ဖြင့် ကပ်အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိပြီးနောက် ဆုတံဆိပ်ရရှိမှုဇယားတွင် (၄) ကြိမ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် တရုတ်သည် ရွှေတံဆိပ်(၄၀)ခုစီ တူညီခဲ့ပြီး အမေရိကန်က ငွေတံဆိပ်အရေအတွက်အသာဖြင့် ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့သည်။

ယင်းသို့ ဆုတံဆိပ်ရရှိမှုဇယားထိပ်ဆုံးတွင် ရွှေဆုအရေအတွက် တူညီခြင်းမှာ အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အမေရိကန်သည် အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုတံဆိပ်ရရှိမှုဇယားတွင် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခြင်းမှာ (၁၉) ကြိမ်ရှိလာခဲ့ပြီး ဆိုဗီယက်က (၆)ကြိမ်၊ တရုတ်က (၂)ကြိမ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိတ်ဗြိတိန်နှင့် United Team က (၁) ကြိမ်စီ အဆင့်(၁)နေရာ ရယူနိုင်ခဲ့ကြသည်။

အမေရိကန်အနေဖြင့် ၁၈၉၆၊ ၁၉၀၄၊ ၁၉၁၂၊ ၁၉၂၀၊ ၁၉၂၄၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၄၈၊ ၁၉၅၂၊ ၁၉၆၄၊ ၁၉၆၈၊ ၁၉၈၄၊ ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂ဝနှင့် ၂၀၂၁ ပြိုင်ပွဲများတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အိုလံပစ်ပြိုင်ပွဲကို နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်(IOC)နိုင်ငံပေါင်း (၂၀၆)နိုင်ငံအနက် (၂၀၄) နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရုရှားနှင့့် ဘီလာရုစ်ကိုမူ ယူကရိန်းကျူးကျော်စစ်ကြောင့် ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့ကာ ယင်းနိုင်ငံမှ အားကစားသမားများမှာ AIN အလံအောက်တွင်သာ ယှဉ်ပြိုင်ခဲ့ရသည်။

AIN အမည်အောက်တွင် ယှဉ်ပြိုင်ရသည့် အားကစားသမားများမှာ အိုလံပစ်ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ဆင်နွှဲခွင့်မရှိသလို၊  ဆုတံဆိပ်ရရှိမှုဇယားတွင်လည်း AIN ရရှိသည့် အရေအတွက်ကို ထည့်သွင်းဖော်ပြခြင်းမရှိကြောင်း သိရသည်။

AIN ကစားသမားများသည် ယခုပါရီအိုလံပစ်ပြိုင်ပွဲတွင် ရွှေ(၁) ခု၊ ငွေ(၃)ခု၊ ကြေး(၁)ခုဖြင့် အဆင့်ရေတွက်လျှင် အဆင့် (၄၇)နေရာတွင် ရှိနေခဲ့သည်။

IOC အဖွဲ့ဝင် နိုင်ငံပေါင်း (၉၂) နိုင်ငံသည် ယခုပါရီအိုလံပစ်တွင် အနည်းဆုံး ဆုတံဆိပ်တစ်ခုစီရရှိခဲ့ပြီး ယင်းထဲမှ (၆၄)နိုင်ငံမှာ အနည်းဆုံး ရွှေတံဆိပ်တစ်ခုစီ ဆွတ်ခူးနိုင်ခဲ့သည်။

ဘော့ဆွာနာ၊ ဒိုမီနီကာ၊ ဂွါတီမာလာနှင့် စိန့်လူရှာနိုင်ငံများသည် ပြိုင်ပွဲသမိုင်းတွင် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး အယ်လ်ဘေးနီးယား၊ ကိတ်ဗာဒီ၊ ဒိုမီနီကာနှင့် စိန့်လူရှာနိုင်ငံများသည် ပထမဆုံး အိုလံပစ်ဆုတံဆိပ်ရခြင်းဖြစ်သည်။

ပြင်သစ်ရေကူးသမား လီအွန်မာရွှန့်က ရွှေ(၄)ခု၊ ကြေး(၁)ခုဖြင့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အအောင်မြင်ဆုံးအားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ထိပ်ဆုံး(၃၅)နိုင်ငံ ဆုတံဆိပ်ရရှိမှု

    နိုင်ငံ    ရွှေ    ငွေ    ကြေး    ပေါင်း


အမေရိကန်    ၄၀    ၄၄    ၄၂    ၁၂၆

တရုတ်        ၄၀    ၂၇    ၂၄    ၉၁

ဂျပန်        ၂၀    ၁၂    ၁၃    ၄၅

သြစတြေးလျ    ၁၈    ၁၉    ၁၆    ၅၃

ပြင်သစ်    ၁၆    ၂၆    ၂၂    ၆၄

နယ်သာလန်    ၁၅    ၇    ၁၂    ၃၄

ဂရိတ်ဗြိတိန်    ၁၄    ၂၂    ၂၉    ၆၅

တောင်ကိုရီးယား    ၁၃    ၉    ၁၀    ၃၂

အီတလီ    ၁၂    ၁၃    ၁၅    ၄၀

ဂျာမနီ        ၁၂    ၁၃    ၈    ၃၃

နယူးဇီလန်    ၁၀    ၇    ၃    ၂၀

ကနေဒါ    ၉    ၇    ၁၁    ၂၇

ဥဇဘက်ကစ္စတန်    ၈    ၂    ၃    ၁၃

ဟန်ဂေရီ    ၆    ၇    ၆    ၁၉

စပိန်        ၅    ၄    ၉    ၁၈

ဆွီဒင်        ၄    ၄    ၃    ၁၁

ကင်ညာ    ၄    ၂    ၅    ၁၁

နော်ဝေ    ၄    ၁    ၃    ၈

အိုင်ယာလန်    ၄    ၀    ၃    ၇

ဘရာဇီးလ်    ၃    ၇    ၁၀    ၂၀

အီရန်        ၃    ၆    ၃    ၁၂

ယူကရိန်း    ၃    ၅    ၄    ၁၂

ရိုမေးနီးယား    ၃    ၄    ၂    ၉

ဂျော်ဂျီယာ    ၃    ၃    ၁    ၇

ဘယ်လ်ဂျီယံ    ၃    ၁    ၆    ၁၀

ဘူလ်ဂေးရီးယား    ၃    ၁    ၃    ၇

ဆားဘီးယား    ၃    ၁    ၁    ၅

ချက်        ၃    ၀    ၂    ၅

ဒိန်းမတ်    ၂    ၂    ၅    ၉

အဇာဘိုင်ဂျန်    ၂    ၂    ၃    ၇

ခရိုအေးရှား    ၂    ၂    ၃    ၇

ကျူးဘား    ၂    ၁    ၆    ၉

ဘာရိန်း    ၂    ၁    ၁    ၄

ဆလိုဗေးနီးယား    ၂    ၁    ၀    ၃

တရုတ်တိုင်ပေ    ၂    ၀    ၅    ၇

Most Read

Most Recent