ကွင်းလယ်အဖျက်ကစားသမားအဖြစ် ကစားရန် လိုအပ်ချက်များရှိနေသေးပြီး နည်းပြ ဂွါဒီယိုလာနှင့်အတူ ဗီဒီယိုများကြည့်ကာ လေ့လာနေကြောင်း ကိုဗာချစ် ပြောကြား

ကွင်းလယ်အဖျက်ကစားသမားအဖြစ် ကစားရန် လိုအပ်ချက်များရှိနေသေးပြီး နည်းပြ ဂွါဒီယိုလာနှင့်အတူ ဗီဒီယိုများကြည့်ကာ လေ့လာနေကြောင်း ကိုဗာချစ် ပြောကြား
Photo: Tribuna
Photo: Tribuna
Published 10 August 2024

 

မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာချစ်က ကွင်းလယ်ခံစစ်ပိုင်းကစားရာတွင် လိိုအပ်ချက်များရှိနေသေးပြီး တိုးတက်မှုရှိလာစေရန်အတွက် အသင်းနည်းပြ ဂွါဒီယိုလာနှင့်အတူ ဗီဒီယိုများကြည့်ရှုကာ လေ့လာနေကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိ မန်စီးတီးအသင်း၏ ကွင်းလယ် အဖျက်ကစားသမားအဖြစ် ရိုဒရီ ကစားနေပြီး ပွဲတိုင်းပါဝင်ကစားနေရသည့်အတွက် မောပန်းနွမ်းနယ်နေပြီး အနားယူရန် လိုအပ်ကြောင်း ပြီးခဲ့သည့်ရာသီက နှစ်ကြိမ်တိုင်တိုင်ပြောကြားခဲ့သည်။ ရိုဒရီ(၂၈ နှစ်)သည် မန်စီးတီးအသင်းအတွက် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ကစားခဲ့ပြီး မန်စီးတီးအသင်းအတွက် ၎င်းနောက်ဆုံး ပါဝင်ကစားခဲ့သည့် ၇၅ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ရာသီသစ်တွင် ရိုဒရီအား အလှည့်ကျအသုံးပြုရန်စီစဉ်နေပြီး ၎င်း၏နေရာ၌ ခရိုအေးရှားကွင်းလယ်ကစားသမား ကိုဗာချစ်အား ကစားခိုင်းရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။ ကိုဗာချစ်ကမူ ၎င်းအနေဖြင့် ကွင်းလယ်အဖျက်ကစားသမားအဖြစ် ကစားရန် လိုအပ်ချက်များရှိနေသေးကြောင်း ပြောကြားခဲ့့ခြင်းဖြစ်သည်။ 

ကိုဗာချစ်က "ရိုဒရီကစားတဲ့ ကွင်းလယ်အဖျက်နေရာက ဘယ်လိုအခြေအနေမျိုးမှာ ဘယ်မှာရှိနေရမယ်။ ပြိုင်ဘက် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အသင်းခံစစ်ကို ကာကွယ်ရမယ်။ ပြီးတော့ ကိုယ့်အသင်းဘောလုံးကိုင်ထားချိန်မှာ မဆုံးရှုံးအောင် ကာကွယ်ရမယ်ဆိုတဲ့ အချက်တွေပါပါတယ်။ အဲဒီအပိုင်းတွေမှာ ကျွန်တော် တိုးတက်ဖို့ လိုနေဆဲပါပဲ။ ကွင်းလယ်တစ်ခုလုံးကို ထိန်းချုပ်ကစားတဲ့ နံပါတ် ၆ ကစားသမားနေရာက ကွင်းလယ်မှာ ထိုင်ကစားရပြီး နေရာတိုင်းကို ပြေးလွှားကစားဖို့ မလိုပါဘူး။ ဒီတော့ ကျွန်တော့်လို တစ်ကွင်းလုံးကို ပြေးလွှားကစားနေတဲ့ ကစားသမားအတွက်တော့ အဲဒီနေရာမှာ ကစားဖို့ ခက်ခဲပါတယ်။ နည်းပြက ကျွန်တော့်ကို သေချာရှင်းပြသလို ဗီဒီယိုတွေအတူ ကြည့်ပြီးတော့လည်း လေ့လာနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် ၃၀ အရွယ်ရှိ ကိုဗာချစ်သည် ပြီးခဲ့သည့်ရာသီက ဝုလ်ဗ်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ရိုဒရီ ပါဝင်နိုင်ခြင်းမရှိသဖြင့် နံပါတ် ၆ နေရာတွင် ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဂွါဒီယိုလာသည် လာမည့်ရာသီတွင် ကိုဗာချစ်အား ရိုဒရီ၏နေရာတွင် အလှည့်ကျအသုံးပြုနိုင်ရန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ 

ကိုဗာချစ်က မန်စီးတီးကစားသမားဘဝ ပထမရာသီမှာ ခက်ခဲခဲ့ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။ "အစပိုင်းက ခက်ခဲပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ အသင်းသစ်တစ်သင်းမှာ နည်းပြနဲ့ နည်းပြအဖွဲ့တွေ ခိုင်းထားတာကို ချက်ချင်းလုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဖြည်းဖြည်းချင်းပဲ သင်ယူလေ့လာရပါတယ်"ဟု ကိုဗာချစ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent