စပိန်အသင်း၏ ယူရိုချန်ပီယံအောင်ပွဲခံအခမ်းအနားတွင် ''Gibraltar is Spanish'' ဟု ကြွေးကြော်ခဲ့သည့် မိုရာတာနှင့် ရိုဒရီ တစ်ပွဲပယ်ခံရ

စပိန်အသင်း၏ ယူရိုချန်ပီယံအောင်ပွဲခံအခမ်းအနားတွင် ''Gibraltar is Spanish'' ဟု ကြွေးကြော်ခဲ့သည့် မိုရာတာနှင့် ရိုဒရီ တစ်ပွဲပယ်ခံရ
Photo: X
Photo: X
Published 8 August 2024

ယူရို-၂၀၂၄ ပြိုင်ပွဲချန်ပီယံ စပိန်အသင်း၏ ချန်ပီယံအောင်ပွဲခံအခမ်းအနားတွင် ''Gibraltar is Spanish'' ဟု ကြွေးကြော်ခဲ့သည့် အသင်းခေါင်းဆောင် မိုရာတာနှင့် ကွင်းလယ်ကစားသမား ရိုဒရီတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ်က ယင်းဖြစ်ရပ်အပေါ် UEFA ထံ တိုင်ကြားခဲ့ပြီး ဇူလိုင်လကုန်ပိုင်းတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ UEFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက ၎င်းတို့နှစ်ဦးကို တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ကြောင်း ကြေညာခဲ့သည်။

Nations League ချန်ပီယံ စပိန်အသင်းသည် စက်တင်ဘာလ(၅)ရက်တွင် အုပ်စုအဖွင့်ပွဲအဖြစ် ဆားဘီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်ပြီး ယင်းကစားသမားနှစ်ဦးမှာ အဆိုပါပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ်က UEFA သည် ယင်းမတော်တဆဖြစ်ရပ်၏ပြင်းထန်မှုကို အသိအမှတ်ပြုခဲ့ပြီး အရေးယူခဲ့ခြင်းအတွက် ကျေနပ်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂျီဘရော်လ်တာသည် ၂၀၁၃ ခုနှစ်တွင် UEFA အဖွဲ့ဝင်ဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် FIFA အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဂျီဘရော်လ်တာကျွန်းဆွယ်သည် စပိန်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသော်လည်း ၁၇၁၃ ခုနှစ်ကတည်းက ဗြိတိန်ပိုင်နက်အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

စပိန်နိုင်ငံ၏အချုပ်အခြာအာဏာအောက်သို့ ဝင်ရောက်ရန်အတွက် ၁၉၆ရနှင့် ၂၀၀၂ ခုနှစ်များတွင် လူထုဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့သော်လည်း ဂျီဘရော်လ်တာပြည်သူအများစုက ဝင်ရောက်လိုခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent