အိုလံပစ်ရွှေတံဆိပ်ဆုအတွက်ရရှိမည့် ဆုကြေးယူရိုနှစ်သိန်းကို ဂျိုကိုဗစ် ပြန်လည်လှူဒါန်းမည်

အိုလံပစ်ရွှေတံဆိပ်ဆုအတွက်ရရှိမည့် ဆုကြေးယူရိုနှစ်သိန်းကို ဂျိုကိုဗစ် ပြန်လည်လှူဒါန်းမည်
Photo: X
Photo: X
Published 8 August 2024

ပါရီအိုလံပစ် အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ၀ါရင့်ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်သည် ၎င်းရရှိမည့်ဆုကြေး ယူရိုနှစ်သိန်းကို ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဂျိုကိုဗစ် (၃၇ နှစ်) သည် သြဂုတ် ၄ ရက်က ကျင်းပသည့် ဗိုလ်လုပွဲတွင် စပိန်လူငယ်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်ကို ၇-၆ (၇-၃)၊ ၇-၆ (၇-၂) ဖြင့် နှစ်ပွဲပြတ်အနိုင်ယူ၍ ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရသည့် အိုလံပစ်ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။

ဂျိုကိုဗစ်သည် ငါးကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရသည့် အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ၏ အသက်အကြီးဆုံးချန်ပီယံနှင့် ပြိုင်ပွဲတစ်လျှောက်လုံး Set ပွဲစဉ်တစ်ပွဲမျှမရှုံးဘဲ ဗိုလ်စွဲသည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆားဘီးယားအစိုးရက ပါရီအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိသူများကို ယူရိုနှစ်သိန်း၊ ငွေတံဆိပ်ရရှိသူများကို ယူရိုတစ်သိန်းနှင့် ကြေးတံဆိပ်ရရှိသူများကို ယူရို ၆၀၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဂျိုကိုဗစ်က ၎င်းရရှိမည့်ဆုကြေးကို လူသားချင်းစာနာထောက်ထားမှုအတွက် ဆောင်ရွက်နေသည့် ဆားဘီးယားရန်ပုံငွေအဖွဲ့များထံ ပြန်လည်လှူဒါန်းမည်ဟု ကတိပြုထားကြောင်း ဆားဘီးယားအခြေစိုက် B92 ရုပ်သံက သြဂုတ် ၇ ရက်တွင် ဖော်ပြသည်။

ဂျိုကိုဗစ်သည် ယခင်ကလည်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်တွင် ဇနီးဖြစ်သူနှင့်အတူ ''နိုဗက်ဂျိုကိုဗစ် ဖောင်ဒေးရှင်း'' ကို တည်ထောင်ခဲ့သည်။

အဆိုပါဖောင်ဒေးရှင်းသည် ဆားဘီးယားနိုင်ငံရှိ ကလေးများအားလုံး မူကြိုပညာရေးစနစ် သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ပြီး  ယခုနှစ် ဖေဖော်ဝါရီတွင် ဝေးလံခေါင်သီသော  ကျေးရွာတစ်ခု၌ မူကြိုကျောင်းတည်ဆောက်ရန် ဒေါ်လာ ၉၃၉၀၀ ရှာဖွေပေးနိုင်ခဲ့သည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူစီကလည်း ဂျိုကိုဗစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ''နိုဗက်ဂျိုကိုဗစ်ပြတိုက်'' တည်ဆောက်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားထားသည်။

 

Most Read

Most Recent