အသင်းတွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည့် နည်းပြ တန်ဟက်ဂ်ကို အမေရိကန် ခြေစမ်းခရီးစဉ်မတိုင်မီ သက်တမ်းတိုးရန် မန်ယူအသင်း စီစဉ်နေကြောင်း ESPN ဖော်ပြ

အသင်းတွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည့် နည်းပြ တန်ဟက်ဂ်ကို အမေရိကန် ခြေစမ်းခရီးစဉ်မတိုင်မီ သက်တမ်းတိုးရန် မန်ယူအသင်း စီစဉ်နေကြောင်း ESPN ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 26 June 2024

 

မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည့် နည်းပြတန်ဟက်ဂ်ကို အမေရိကန်ခြေစမ်းခရီးစဉ်မတိုင်မီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း ESPN က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၈)နေရာသာရရှိခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်ကျဆင်းခဲ့သည့်အတွက် နည်းပြ တန်ဟက်ဂ်ကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သော်လည်း တစ်ရာသီစာ ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးနောက် ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သည့် မန်ယူအသင်းတာဝန်ရှိသူများက ၎င်းအား ဆက်လက်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သည်။ 

တန်ဟက်ဂ်သည် ၂၀၂၂ နွေရာသီတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့သည့်အပြင် တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ခဲ့သည်။ မူရင်းစာချုပ်အရ ၎င်းအနေဖြင့် လာမည့်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် မန်ယူအသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး အာဆင်နယ်၊ လီဗာပူးလ်၊ ဘက်တစ်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပွဲများမတိုင်မီ နော်ဝေနှင့် စကော့တလန်တွင်လည်း ခြေစမ်းပွဲနှစ်ပွဲ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုံးခြေစမ်းပွဲမှာ ဇူလိုင်(၁၅)တွင် စတင်မည်ဖြစ်သည်။ 

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် ရာသီကြိုခြေစမ်းပွဲ စတင်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ယင်းကာလ၌ သက်တမ်းတိုးစာချုပ်အတွက် သဘောတူညီမှု ရရှိထားရန် မန်ယူအသင်းတာဝန်ရှိသူများက မျှော်လင့်နေကြောင်း သိရသည်။ မန်ယူအသင်း၏ ရှယ်ယာရှင် ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်သည် တန်ဟက်ဂ်နှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးမှသာ နည်းပြအဖွဲ့ဝင်သစ်များ အားဖြည့်ပေးရန် လိုလားနေကြောင်းလည်း သိရသည်။ 

Most Read

Most Recent