သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသော်လည်း ရာသီအစ (၂)ပတ်အတွင်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု တန်ဟက်ဂ်ကို တက်ဒီရှရင်ဂမ် သတိပေး

သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသော်လည်း ရာသီအစ (၂)ပတ်အတွင်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု တန်ဟက်ဂ်ကို တက်ဒီရှရင်ဂမ် သတိပေး
Photo : Getty Images
Photo : Getty Images
Published 22 July 2024

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်က လက်ရှိနည်းပြ တန်ဟက်ဂ်အနေဖြင့် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ရာသီအစ (၂)ပတ်အတွင်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီတွင် FA ဖလား ရယူပေးနိုင်ခဲ့သော်လည်း အသင်း၏ခြေစွမ်းနှင့် ရလဒ်ပိုင်းမှာ ကျဆင်းခဲ့သည့်အတွက် ရာသီကုန်၌ ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းကြီးခဲ့သည်။ သို့သော် အသင်းတာဝန်ရှိ သူများက ၎င်းကို ဆက်လက်တာဝန်ပေးခဲ့သည့်အပြင် ၂၀၂၆ ခုနှစ်အထိ အသင်းတွင်ဆက်ရှိနေမည့် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းအတွက် ရှရင်ဂမ်က အဆိုပါ သက်တမ်းတိုးစာချုပ်မှာ အာမခံချက်မဟုတ်ကြောင်း တန်ဟက်ဂ်ကို သတိပေးခဲ့ခြင်းဖြစ်သည်။ "တန်ဟက်ဂ်က စာချုပ်သစ်ချုပ်ဆိုထားပေမဲ့ ဒါက အာမခံချက်မဟုတ်ပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ရလဒ်ဆိုး(၃)ပွဲလောက် ကြုံတွေ့ခဲ့ရင် နှစ်ပတ်အတွင်း ရာထူးက ထုတ်ပယ်ခံရနိုင်ပါတယ်။ ပြီးတော့ (၃)ပွဲလောက် ရလဒ်ကောင်းခဲ့မယ်ဆိုရင်လည်း သူ့ရဲ့အနေအထားက ခိုင်မာသွားမှာပါ။ ဒီနေ့ခေတ်ဘောလုံး လောကမှာ ဒီလိုပါပဲ" ဟု ရှရင်ဂမ်က ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လာမည့် ၂၀၂၄-၂၅ ရာသီတွင်  ရာသီကြိုကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ အဖွင့်ပွဲအဖြစ် ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မန်ယူအသင်း၏ ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲမှာ ဖူလ်ဟမ်(အိမ်)၊ ဘရိုက်တန်(အဝေး)၊ လီဗာပူးလ်(အိမ်)၊ ဆောက်သမ်တန်(အဝေး)၊ ခရစ္စတယ်ပဲလေ့စ် (အဝေး)တို့ဖြစ်သည်။ ထို့ကြောင့် ပွဲကျပ်သည့်အနေအထား မဟုတ်သော်လည်း ပြီးခဲ့သည့်ရာသီ၌ ရာသီအစပိုင်းကတည်းကပင် ရုန်းကန်ခဲ့ရသည့်အတွက် ရှရင်ဂမ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ရာသီအဖွင့် ပရီးမီးယားလိဂ်(၅)ပွဲ၌ (၃)ပွဲအထိ ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အဆင့်(၁၃)နေရာအထိ ရောက်ရှိခဲ့ရသည်။  ယခုရာသီတွင်မူ ယင်းကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရပါ က အခွင့်အရေးရတော့မည်မဟုတ်ဘဲ ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု ရှရင်ဂမ်က သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။ ရှရင်ဂမ်က တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းလက်ထောက် နည်းပြအဖြစ် ရောက်ရှိလာခြင်းကိုမူ ကြိုဆိုခဲ့ပြီး အသင်းအတွက်ရော တန်ဟက်ဂ်အတွက်ပါ အရေးပါသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့သည်။ "နစ္စတယ်ရွိုင်းက အသင်းဆီကို တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ယူဆောင်လာမှာပါ။ သူက ထူးချွန်တဲ့ တိုက်စစ်မှူးဖြစ်ခဲ့တာကြောင့် သူနဲ့ လက်တွဲရမယ့် တိုက်စစ်မှူးတွေ သူ့ကို သဘောကျမှာလည်း သေချာပါတယ်။ သူက ဟွိုင်လန်းကို အကောင်းဆုံးဖြစ်အောင်လည်း ကူညီပေးနိုင်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့်  မိုက်ကယ်အိုဝင်ကလည်း မန်ယူအသင်းသည် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်၌ ထိပ်ဆုံး(၄)သင်းစာရင်းဝင်မည်မဟုတ်ဟု ခန့်မှန်းခဲ့သည်။ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းသုံးသပ်မှုပြုလုပ်ခဲ့ရာ မိုက်ကယ်အိုဝင်က ချန်ပီယံဆုကို မန်စီးတီးအသင်းသာ ရယူနိုင်မည်ဖြစ်ကြောင်းနှင့် ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့သာ စိန်ခေါ် နိုင်မည်ဖြစ်ကြောင်း၊ အဆင့် (၄)နေရာကို အက်စတွန်ဗီလာ(သို့မဟုတ်)စပါးသာ ရရှိလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent