Eleven Media Group ရုံးချုပ် ၊ ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်း နှင့်  စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတို့တွင် ဝါဆိုသင်္ကန်း ဆက်ကပ်

Eleven Media Group ရုံးချုပ် ၊ ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်း နှင့်  စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတို့တွင် ဝါဆိုသင်္ကန်း ဆက်ကပ်
Published 20 July 2024

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ Eleven Media Group ရုံးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းနှင့် မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတို့တွင် Eleven Media Group ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၃၈၆ ခုနှစ် ဝါဆိုလပြည့်နေ့၊ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အဆိုပါ နေရာများ၌ ဝါဆိုသင်္ကန်းဆက်ကပ် ပူဇော်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group ရုံးချုပ်တွင် ပြုလုပ်သည့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော်ကိုယ်တိုင်ကြွရောက်ချီးမြှင့်ခဲ့ပြီး တရားတော်များ ဟောကြားတော်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သည့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှုဒါန်းပွဲသို့ သကြားဟင်းအိုးကျေးရွာ၏ ရွာဦးကျောင်းဆရာတော် ဦးပုညောဘာသ ကြွရောက်ချီးမြှင့်ခဲ့ပြီး တရားတော်များ ဟောကြားတော်မူခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုကို Eleven Media Group ကိုယ်စား သကြားဟင်းအိုးကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ဒကာဒကာမများက ဆက်ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။

ထို့ပြင် စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်း Eleven Media Group မိသားစုက ဇူလိုင် ၂၀ ရက် (ဝါဆိုလပြည့်နေ့) တွင် အဌမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ပွင့်တောက်ကျေးရွာသည် ရွာလုံးကျွတ်နုန်းသဲပို့ နစ်မြုပ်ခဲ့ပြီး ဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအားလုံး နစ်မြုပ်ခဲ့ကြောင်း၊ ထို့ကြောင့် မူလကျေးရွာ၏ အနောက်တောင်ဘက် ကုန်းမြင့်ပေါ်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရကြောင်း၊ ယင်းသို့ ရေဘေးဒုက္ခများ ကြုံတွေ့နေရစဉ်က Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေဘေးကူညီရေးအစီအစဉ်ဖြင့် ဆန်၊ ဆီ နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာရပါက သံဃာတော်များအပါအဝင် ဒေသခံများ မိုးလေလုံစွာဖြင့် မှီခိုနိုင်ရန်ရည်ရွယ်၍ RC နှစ်ထပ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဆင်းတုတော်အကြီးတစ်ဆူအပါအဝင် နှစ်ကျိပ်ရှစ်ဆူ ဘုရားဆင်းတုတော်များနှင့် သိမ်ကျောင်းတစ်ဆောင်တို့ကိုလည်း Eleven Media Group မိသားစုက လှူဒါန်းခဲ့ကြောင်း၊ ထိုဘုန်းတော်ကြီးကျောင်း စတင်တည်ဆောက်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ Eleven Media Group မိသားစုက ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကထိန်အလှူတော်တို့ကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် အဌမအကြိမ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 " အခုလို Eleven Media Group မိသားစုတို့က နှစ်စဉ်ပြုနေကျအတိုင်း ဝါဆိုသင်္ကန်းကပ်လှူရခြင်းကြောင့် မိသားစုများအားလုံး ဘေးဘယာ ဝေးကွာနိုင်ကြပြီး ကပ်ဘေးများမှ ကင်းဝေးနိုင်ကြပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမျာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ် " ဟု ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားသည်။

 ပွင့်တောက်ကျေးရွာမှ ဒေသခံများ စုပေါင်း၍ အဆိုပါ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဉာဏ်တော် ၂၅ တောင် အမြင့်ရှိသည့် သောင်းလုံးချမ်းသာ မဟာစေတီတော်ကိုလည်း ဇူလိုင်လဆန်းပိုင်းက တည်ထားပြီးစီးခဲ့ပြီး ဘုရားအနေကဇာတင်မင်္ဂလာပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

Most Read

Most Recent