ဟာရီကိန်းအပါအဝင် နိုင်ငံခြားကစားသမားများကို ဂျာမန်စကားသင်ရန် ကွန်ပနီ တိုက်တွန်း

ဟာရီကိန်းအပါအဝင် နိုင်ငံခြားကစားသမားများကို ဂျာမန်စကားသင်ရန် ကွန်ပနီ တိုက်တွန်း
Photo: X
Photo: X
Published 18 July 2024

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအပါအဝင်  အသင်းရှိ နိုင်ငံခြားကစားသမားများအား ဂျာမန်စကားသင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၃၀) နှစ်အရွယ်ရှိ ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ တစ်ရာသီလုံး ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားခဲ့သော်လည်း လက်ရှိအချိန်အထိ ဂျာမန်စကားကို အဆင်ပြေအောင် မပြောနိုင်သေးကြောင်း သိရသည်။

ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီက ဟာရီကိန်းအပါအဝင် အသင်းရှိနိုင်ငံခြားကစားသမားများကို ဒေသခံစကားဖြစ်သည့် ဂျာမန်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားထားရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကွန်ပနီက ''ကျွန်တော့်အတွက် ဘာသာစကားက အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အရာတော်တော်များများကို ဂျာမန်လို ရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘောလုံးနဲ့ပတ်သက်ပြီး သိတာအားလုံးက အင်္ဂလိပ်လိုချည်းပါပဲ။ ဒီတော့ အရာအားလုံးကို ဂျာမန်လိုရှင်းပြနိုင်ဖို့တော့ အချိန်ယူရမယ်။ ဒါပေမဲ့ တစ်နှစ်လောက်ပါပဲ။ အင်္ဂလိပ်က ကမ္ဘာသုံးဘာသာစကားပါ။ ကျွန်တော်က ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ ဒတ်ချ်ဘာသာစကားတွေ ပြောတတ်လို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကစားသမားတွေ ဂျာမန်ဘာသာစကားကို သင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent