ကစားသမားလဲလှယ်မှုအတွက် အက်စတွန်ဗီလာနှင့် ဂျူဗင်တပ်စ်အသင်းအကြား သဘောတူညီမှုရရန် နီးစပ်

ကစားသမားလဲလှယ်မှုအတွက် အက်စတွန်ဗီလာနှင့် ဂျူဗင်တပ်စ်အသင်းအကြား သဘောတူညီမှုရရန် နီးစပ်
Photo: Villa News
Photo: Villa News
Published 15 June 2024

 

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းနှင့် စီးရီးအေကလပ် ဂျူဗင်တပ်စ် အသင်းအကြား ကစားသမားလဲလှယ်မှုအတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဗီလာအသင်းမှ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဒူးဂလပ်စ်လူးဝစ်ဇ်အား ခေါ်ယူနိုင်ရန်အတွက် အသင်းမှ မက်ကန်နီးနှင့် အီလင်းဂျူနီယာတို့ နှစ်ဦးကို အလိုက်ပေးရမည့်အပြင် ယူရို သန်း ၂၀ ပါ ထပ်ဆောင်းပေးချေရမည်ဖြစ်သည်။ 

ထို့ကြောင့် အသက် ၂၆ နှစ်အရွယ်ရှိ ဒူးဂလပ်စ်လူးဝစ်ဇ်၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရို ၆၅ သန်းရှိလာပြီး ဂျူဗင်တပ်စ်ကစားသမားများဖြစ်သည့်  ကွင်းလယ်လူ မက်ကန်နီးကို ယူရို သန်း ၂၀၊ တိုက်စစ်ကစားသမား အီလင်းဂျူနီယာကို ယူရို ၂၅ သန်း သတ်မှတ်ခဲ့သည်။ 

အသင်းနှစ်သင်း အကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ပြီးနောက် ကစားသမားအလဲအလှယ်ကိစ္စမှာ အပြီးသတ်ရန် နောက်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ကစားသမားများ၏ လစာငွေအပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်များအတွက်သာ ဆွေးနွေးရန် ကျန်ရှိတော့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။  

ဒူးဂလပ်စ်လူးဝစ်ဇ်၏စာချုပ်သက်တမ်းမှာ ဗီလာအသင်းနှင့် နှစ်နှစ်ကျန်ရှိနေပြီး ၁၉၈၂- ၈၃ ရာသီနောက်ပိုင်း ဗီလာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်(ယခင် ဥရောပဖလား) ပထမဆုံးအကြိမ် ရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။  

မက်ကန်နီးသည် ၂၀၂၃ ဇန်နဝါရီက လိဒ်စ်အသင်းတွင် အငှားကစားခဲ့ဖူးပြီး အီလင်းဂျူနီယာမှာ လန်ဒန်ဖွားတစ်ဦးဖြစ်သည်။