စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်အတွက် ရုရှားစစ်သင်္ဘောများ ကျူးဘားရေပြင်များအတွင်းသို့ ရောက်ရှိလာ

စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်အတွက် ရုရှားစစ်သင်္ဘောများ ကျူးဘားရေပြင်များအတွင်းသို့ ရောက်ရှိလာ
ဇွန် ၁၂ ရက်က ဟာဗားနားဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရုရှား၏ နျူကလီးယားစွမ်းအင်သုံး Kazan ရေငုပ်သင်္ဘောကို တွေ့ရစဉ်(Photo: AP)
ဇွန် ၁၂ ရက်က ဟာဗားနားဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရုရှား၏ နျူကလီးယားစွမ်းအင်သုံး Kazan ရေငုပ်သင်္ဘောကို တွေ့ရစဉ်(Photo: AP)
Published 13 June 2024

ရုရှား၏ စစ်သင်္ဘောအုပ်စုသည် ကာရစ်ဘီယံဒေသတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်အတွက် ဇွန် ၁၂ ရက်က ကျူးဘားရေပြင်များအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ရုရှားသည် ယူကရိန်းအားထောက်ခံပေးသည့် အနောက်နိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းသည် အင်အားပြသည့် သဘောသက်ရောက်နေသည်ဟု ကျွမ်းကျင် သူအချို့က ရှုမြင်လက်ရှိသည်။

ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း၊ ရေနံတင်သင်္ဘောတစ်စင်းနှင့် ကယ်ဆယ်ရေးဆွဲသင်္ဘောတစ်စင်းတို့ပါဝင်သည့် အဆိုပါစစ်သင်္ဘောအုပ်စုသည် အန္တလတိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် ဟာဗားနားပင်လယ်အော်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရေယာဉ်စုမှူးကိုယ်တိုင်စီးနင်းလိုက်ပါလာသည့် ဖရီးဂိတ်စစ်သင်္ဘောတွင် ရုရှားနှင့် ကျူးဘားအလံများကို လွှင့်ထူထားပြီး အမြောက်ဖြင့် ၂၁ ချက်ပစ်ဖောက်ကာ ဂုဏ်ပြုခံခဲ့ရသည်။

ဖရီးဂိတ်စစ်သင်္ဘောပေါ်ရှိ ရုရှားသင်္ဘောသားများသည် ကျူးဘားကျွန်းအနီးသို့ ချဉ်းကပ်လာချိန်တွင် စစ်ရေးပုံစံဖြင့်သတိ ဆွဲမတ်တပ်ရပ်ခဲ့ကြပြီး ကျူးဘားဒေသခံအချို့က ရုရှားစစ်သင်္ဘောများ ဝင်ရောက်လာမှုကို ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါ ရုရှားစစ်သင်္ဘောများသည် ကာရစ်ဘီယံဒေသတွင် နွေရာသီကာလတစ်ခုလုံးရှိနေလိမ့်မည်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင် ခရီးစဉ်ကို ရပ်တန့်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများက ခန့်မှန်းခဲ့သည်။

ဗင်နီဇွဲလားနှင့် ကျူးဘားနိုင်ငံတို့၏ ကာလကြာရှည်မဟာမိတ်ဖြစ်သည့် ရုရှားသည် ၎င်း၏ စစ်သင်္ဘောများနှင့် လေယာဉ်များကို ကာရစ်ဘီယံဒေသသို့ ပုံမှန်စေလွှတ်လေ့ရှိသည်။

သို့သော် ယခုတစ်ခေါက်မစ်ရှင်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအား အမေရိကန်လုပ်လက်နက်များအသုံးပြုပြီး ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကိုတိုက် ခိုက်ခွင့်ပေးခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ အမေရိကန်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

“ရုရှားရဲ့ စစ်သင်္ဘောတွေဟာ အမေရိကန်ကို သတိပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ သင့်ရဲ့ ရန်သူဟာ သင့်အနားမှာရှိနေချိန်မှာ ဘယ်လို စိတ်မသက်မသာဖြစ်ရမလဲဆိုတာကို သတိပေးတာဖြစ်ပါတယ်”ဟု ၀ါရှင်တန်အခြေစိုက် ဝီလ်ဆင်စင်တာ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လက်တင်အမေရိကန်ရေးရာ ညွှန်ကြားရေးမှူး ဘင်ဂျမင်ဂီဒန်က ရုရှား၏ ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများ ပါဝင်ပတ်သက်နေမှုကို ရည်ညွှန်းပြောကြားခဲ့သည်။

“ဒါ့အပြင် အမေရိကန်ရဲ့ ရန်ဘက်တွေ ဖြစ်တဲ့ကျူးဘားနဲ့ ဗင်နီဇွဲလားအပါအဝင် ကာရစ်ဘီယံဒေသမှာရှိတဲ့ ရုရှားရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ရုရှားဘက်မှာရှိနေတယ်ဆိုတာကိုလည်း သတိပေးတဲ့ပုံစံဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှား၏ စစ်သင်္ဘောအုပ်စုတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ပါဝင်လာသော်လည်း မည်သည့်စစ်သင်္ဘောတွင်မျှ နျူကလီးယားလက်နက်များ သယ်ဆောင်လာခြင်းမရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက သတ်မှတ်ခဲ့သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။                            Ref: AP