မြန်မာအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ကစားရန် ဂျပန်လက်ရွေးစင်အသင်း ဇွန် (၄)ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ခြေစစ်ပွဲကို ဇွန်လ ၆ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်

မြန်မာအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ကစားရန် ဂျပန်လက်ရွေးစင်အသင်း ဇွန် (၄)ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ခြေစစ်ပွဲကို ဇွန်လ ၆ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်
Photo: Getty Images
Photo: Getty Images
Published 3 June 2024

 

ဂျပန်လက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရန် ဇွန် (၄)ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်လက်ရွေးစင်အသင်းမှ နည်းပြအဖွဲ့ဝင်အချို့မှာ ဇွန် (၃)ရက်တွင် ရောက်ရှိနေပြီး ကစားသမားအားလုံးနှင့် ကျန်အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များမှာမူ ဇွန် (၄)ရက်မှ ရောက်ရှိမည်ဖြစ်သည်။ ဂျပန်လက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့်ပွဲမတိုင်မီ နှစ်ရက်သာ ကြိုတင်လာရောက်ခြင်းဖြစ်ပြီး ဥရောပအခြေစိုက် နာမည်ကြီးကစားသမား အစုံအလင် ပါဝင်လာမည်ဖြစ်သည်။ 

ဂျပန်လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နောက်တစ်ဆင့်တက်ရောက်ပြီးဖြစ်သော်လည်း လက်ကျန်နှစ်ပွဲအတွက် လူစာရင်းထုတ်ပြန်ရာတွင် အမာခံကစားသမား အစုံအလင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုထုတ်ပြန်လိုက်သည့်လူစာရင်းတွင်   ဥရောပအခြေစိုက်ကစားသမား (၂၀) အထိ ပါဝင်လာပြီး ဂျေလိဂ်နှင့် အာရှဒေသတွင်း ကလပ်များ၌ ကစားနေသူ (၆)ဦးသာ ရွေးချယ်ခံရသည်။ 

အန်ဒို (လီဗာပူးလ်)၊ ကူဘို (ရီးယဲယ်ဆိုစီဒက်)၊ ကာမာဒါ (လာဇီယို)၊ တိုမီယာဆု (အာဆင်နယ်)၊ မီနာမီနို (မိုနာကို)၊ ဒိုအန် (ဖရိုင်းဘတ်)၊ ယူအီဒါ (ဖီယင်နု)၊ မာအီဒါ (ဆဲလ် တစ်) စသည့် ဥရောပအခြေစိုက်ကစားသမားများပါဝင်လာ ပြီး ၀ါရင့်နောက်ခံလူ နာ ဂါတိုမိုလည်း ရွေးချယ်ခံရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆)ရက်တွင် မြန်မာအသင်းနှင့် ကစားသည့် ပထမအကျော့ အိမ်ကွင်းပွဲတွင် ပွဲထွက်လူစာ ရင်းမှ (၉)ဦးအထိ ပြန်ပါလာပြီး နာကာယာမာနှင့် မိုင်ကုမာတို့မှလွဲ၍ အိုဆာကို (ဂိုး)၊ တာနာဂူချီ၊ မာချီဒါ၊ ဒိုအန်၊ မီနာ မီနို၊ ဆိုမာ၊ ကာမာဒါ၊ တာနာကာနှင့် ယူအီဒါတို့  ပြန်လည်ရွေးချယ်ခံရသည်။ 

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဇွန် (၆)ရက် ညနေ (၆း၄၀) မိနစ် တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းနှင့် ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေ စစ်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ မြန်မာအသင်းသည် အဝေးကွင်း၌ စံချိန်တင်ဂိုးရလဒ် (၁၀)ဂိုးပြတ် အရေးနိမ့်သော်လည်း အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့်သာ အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် ရမှတ်တစ်မှတ်သာရသေးပြီး (၄)ပွဲကစားထားရာ နိုင်ပွဲမရသေးကြောင်း သိရသည်။ မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့တွေ့ဆုံရာတွင် ဂျပန် အသင်းကို အဝေးကွင်း၌ (၅)ဂိုးပြတ် အရေးနိမ့်ခဲ့သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ် (၅၀၀၀)၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားပြီး ဇွန် (၄၊ ၅) ရက်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ကြိုတင်လက်မှတ်များ ရောင်းချမည်ဖြစ်သည်။ ပွဲကစားမည့် ဇွန် (၆)ရက်တွင်လည်း လက်မှတ်များ ရောင်းချရန် ကျန်ရှိနေပါက ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းနှင့် ဂျပန်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို Sky Net ရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent