ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် ယခုကဲ့သို့ ခြေစွမ်းပြနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ပါလ်မာ ဝန်ခံ

ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် ယခုကဲ့သို့ ခြေစွမ်းပြနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ပါလ်မာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 30 May 2024

ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာက မိမိအနေဖြင့် ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် ယခုကဲ့သို့ ခြေစွမ်းပြနိုင်ရန် မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ပါလ်မာ (၂၂ နှစ်)သည် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလကမှ မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် (၄၂.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၎င်းသည် ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် ပြိုင်ပွဲစုံ (၄၈) ပွဲတွင် (၂၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၅) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ၎င်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

ပါလ်မာက ''ကျွန်တော် ဘောလုံးကစားချင်တယ်။ ကျွန်တော့်အနေနဲ့ အသင့်ဖြစ်နေပြီဆိုတာကို လူတွေကို ပြချင်တယ်။ ကိုယ်တိုင်လည်း အသင့်ဖြစ်နေပြီလို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အခုလို ခြေစွမ်းပြနိုင်မယ်လို့ ထင်မှတ်ထားခြင်း မရှိခဲ့ပါဘူး။ မန်စီးတီးအသင်းက ထွက်ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စွန့်စားမှုက ကျေးဇူးတင်စရာကောင်းအောင်ပဲ အောင်မြင်ခဲ့ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော့်အနေနဲ့ အခုလိုလုပ်နိုင်ဖို့မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent