၃၂ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြောင်းလဲရန် ခြိမ်းခြောက်မှုရှိနေသော်လည်း FIFA လက်မခံ

၃၂ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြောင်းလဲရန် ခြိမ်းခြောက်မှုရှိနေသော်လည်း FIFA လက်မခံ
Photo: The Telegraph
Photo: The Telegraph
Published 15 May 2024

 

၃၂ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြောင်းလဲရန် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ် (FIFPro) နှင့် ကမ္ဘာ့လိဂ်ပြိုင်ပွဲများ အဖွဲ့ချုပ် (WLA) တို့က ခြိမ်းခြောက်မှုရှိနေသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က လက်မခံကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

FIFA သည် နှစ်စဉ်ကျင်းပလျက်ရှိသည့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှစ၍ ၃၂ သင်း ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပရန် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အတည်ပြုကြေညာခဲ့သည်။ ၂၀၂၄-၂၀၂၅ ရာသီမှစ၍ ဥရောပကလပ်အသင်း ပြိုင်ပွဲသုံးခုကို ၃၆ သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် ကလပ်အသင်းများနှင့် ကစားသမားများအနေဖြင့် ပွဲအရေအတွက် ပိုမိုကစားရမည်ဖြစ်သလို ၂၀၂၅ နွေ ရာသီတွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။ 

သို့ဖြစ်ရာ FIFPro နှင့် WLA တို့က ကမ္ဘာ့ဘောလုံးပြက္ခဒိန်မှာ လိဂ်ပြိုင်ပွဲများနှင့် ကစားသမားများအား ၎င်းတို့၏ကန့်သတ်ချက်ထက် ကျော်လွန်၍ ဖိအားပေးမှုရှိနေကြောင်း၊ ဒဏ်ရာရနိုင်ခြေရှိသည့် အန္တရာယ်နှင့်အတူ ကစားသမားများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို သက်ရောက်မှုရှိကြောင်း FIFA ဥက္ကဋ္ဌ အင်ဖန်တီနို နှင့် အထွေထွေအတွင်းရေးမှူး ဂရပ်ဖ်စထရွမ်းတို့ထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 

အဆိုပါအကြောင်း ကြားစာနှင့်ပတ်သက်၍ FIFA ကလည်း အကြောင်းပြန်ခဲ့ပြီး မိမိတို့အနေဖြင့် ကမ္ဘာ့ဘောလုံးလောက၏ အကောင်းဆုံးအကျိုးစီးပွားအတွက် နိုင်ငံတကာပွဲစဉ်ပြက္ခဒိန် ရေးဆွဲရန်  တာဝန်ရှိကြောင်း၊ ၂၀၂၅-၂၀၃၀ နိုင်ငံတကာပွဲစဉ်ပြက္ခဒိန်တစ်ခုလုံး အပြောင်းအလဲပြုလုပ်ရန် FIFPro ၊ WLA တို့နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာ၍ ပြိုင်ပွဲများ၏ မူဘောင်များသတ်မှတ်ရန် FIFA တွင် အခွင့်အရေးအပြည့်အဝရှိကြောင်း၊ ယခု အကြောင်းကြားစာအပေါ် သဘော တူညီမှုမရှိသော်လည်း စိုးရိမ်မှုကို သတိပြုမိကြောင်း၊ သင့်လျော်သည့်အချိန်တွင် ယင်းကိစ္စကို ထပ်မံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထည့်သွင်းရေးသားထားသည်။

FIFA သည် ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ ပုံစံအသစ်ကို အမေရိကန်နိုင်ငံ၌ ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက် မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တိုက်ကြီးများအလိုက် ဇုန်ခြောက်ခုမှ ၃၂ သင်း ပါဝင်ယှဉ် ပြိုင်ခွင့်ရမည်ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် ကွန်ကာကပ်ဖ်ဇုန်မှ လေးသင်းစီ၊ တောင်အမေရိကဇုန်မှ ခြောက်သင်း၊ သမုဒ္ဒရာပိုင်းဇုန်မှ တစ်သင်း၊ ဥရောပဇုန်မှ ၁၂ သင်း၊ အိမ်ရှင်ကလပ်တစ်သင်း ပါဝင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဝင်ခွင့်ရ အသင်း၂၆ နေရာအထိ အဖြေထွက်ပေါ်ထားပြီး အာရှဇုန်မှ အယ်လ်ဟီလာ (ဆော်ဒီ)၊ အူရာဝရတ်ဒိုင်းမွန်း (ဂျပန်)၊ အူလ်ဆန် HD (တောင်ကိုရီးယား)၊ အာဖရိကဇုန်မှ အယ်လ်အာလီ (အီဂျစ်)၊ ဝီဒက်ကာဆာဘလန်ကာ (မော်ရိုကို)၊ တူနစ် (တူနီးရှား)၊ မာမီလိုဒီဆန်ဒေါင်း (တောင်အာဖရိက)၊ ကွန်ကာကပ်ဖ်ဇုန်မှ မွန်တာရေး (မက္ကဆီကို)၊ ဆီယက်တဲလ်ဆောင်းဒါး (အမေရိကန်)၊ လီယွန် (မက္ကဆီကို)၊ တောင်အမေရိကဇုန်မှ ပါလ်မီးရပ်စ်၊ ဖလာမင်ဂို၊ ဖလူမင်နန်ဆီ (ဘရာဇီးလ်)၊ သမုဒ္ဒရာပိုင်းဇုန်မှ အော့ကလန်စီးတီး (နယူးဇီလန်)၊ ဥရောပဇုန်မှ ချယ်လ်ဆီး၊ မန်စီးတီး (အင်္ဂလန်)၊ ရီးယဲလ်၊ အက်သလက်တီကို (စပိန်)၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန် (ဂျာမနီ)၊ PSG (ပြင်သစ်)၊ အင်တာမီလန်၊ ဂျူဗင်တပ်စ် (အီတလီ)၊ ပေါ်တို၊ ဘင်ဖီကာ (ပေါ်တူဂီ)၊ ရက် ဘူးလ်ဆာလ်ဇ်ဘာ့ဂ် (သြစတြီးယား) တို့ ယှဉ်ပြိုင်ခွင့်ရထားကြောင်းသိရသည်။

Most Read

Most Recent