ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်း ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး Opta ၏ ခန့်မှန်းချက်တွင်လည်း လီဗာပူးလ် အလားအလာအများဆုံးဖြစ်လာ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်း ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး Opta ၏ ခန့်မှန်းချက်တွင်လည်း လီဗာပူးလ် အလားအလာအများဆုံးဖြစ်လာ
Photo: Opta
Photo: Opta
Published 1 April 2024

လီဗာပူးလ်အသင်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘရိုက်တန်အသင်းကို အနိုင်ယူကာ အမှတ်ပေးထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်း ဖြစ်လာခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်များဖြစ်သည့် မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ သရေရလဒ်ဖြင့် အမှတ်ခွဲယူခဲ့ရခြင်းကြောင့် နိုင်ပွဲရခဲ့သည့် လီဗာပူးလ်အသင်းက ထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ (၂၉)ပွဲစီ ယှဉ်ပြိုင်ကစားအပြီးတွင် လီဗာပူးလ်အသင်းက (၆၇)မှတ်ဖြင့် ဦးဆောင်နေပြီး အာဆင်နယ်အသင်းက (၆၅)မှတ်ဖြင့် ဒုတိယ၊ မန်စီးတီးအသင်းက (၆၄)မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

လက်ကျန်ပွဲချင်း နှိုင်းယှဉ်လျှင်လည်း လီဗာပူးလ်အသင်းက ပြိုင်ဘက်များထက် ပွဲပိုချောင်နေသည့်အတွက် ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအလေးပေးမှုအရ လီဗာပူးလ်အသင်းက ချန်ပီယံဆုရရှိရန် (၅း၄)လေး သတ်မှတ်ခံထားရပြီး မန်စီးတီးက (၂း၁)လေး၊ အာဆင်နယ်အသင်းက (၁၁း၄)လေး သတ်မှတ်ခံထားရသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ရာသီမစမီကတည်းက ရေပန်းအစားဆုံးအသင်းအဖြစ် တောက်လျှောက်ရပ်တည်နိုင်ခဲ့ပြီး ယခုအခါ လီဗာပူးလ်အသင်းက ပထမဆုံးအကြိမ်အဖြစ် ရေပန်းအစားဆုံးနေရာကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အချက်အလက်များကို အခြေခံကာ ချန်ပီယံအလားအလာကို ခန့်မှန်းတွက်ချက်ပေးနေသည့် Opta ၏  နာမည်ကျော် စူပါကွန်ပျူတာကလည်း လီဗာပူးလ်အသင်းကို မန်စီးတီးထက် အလားအလာပိုကောင်းသွားပြီဖြစ်ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။

စူပါကွန်ပျူတာကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် မန်စီးတီးအသင်း အလားအလာအကောင်းဆုံးအဖြစ် တစ်ရာသီလုံး စဉ်ဆက်မပြတ်ခန့်မှန်းလာခဲ့ခြင်းဖြစ်ပြီး ယခုမှ လီဗာပူးလ်အသင်းကို ပြောင်းလဲခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ပတ်ပွဲစဉ်မတိုင်မီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးက (၄၅.၉ %)ဖြင့် အလားအလာအကောင်းဆုံးအဖြစ် ခန့်မှန်းခံခဲ့ရပြီး လီဗာပူးလ်အသင်းက (၃၅.၃ %)၊ အာဆင်နယ်က (၁၈.၈ %)ရှိခဲ့သည်။

ယခုအခါ လီဗာပူးလ်က (၄၇.၇ %)ဖြင့် အလားအလာအကောင်းဆုံးဖြစ်သွားခဲ့ပြီး မန်စီးတီးက (၃၃.၅ %)ဖြင့် ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။

အာဆင်နယ်အသင်းမှာမူ (၁၈.၈ %)ဖြင့် မူလအတိုင်း ဆက်ရှိနေခဲ့သည်။

Most Read

Most Recent