ယူရိုပါလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 14 March 2024

ဗီလာရီးယဲလ် နှင့် မာဆေးလ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

မာဆေးလ်တိုက်စစ်ပိုင်းမှာ အာဆင်နယ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း အူဘာမီယန်းက အတော်လေးဂိုးသွင်းခြေစွမ်းပြနေတယ်။ ပထမအကျော့ရလဒ်ကြောင့် ဗီလာရီးယဲလ်အသင်း အိမ်ကွင်းကစားရမှာဆိုပေမဲ့ ဘာမှ အပြောင်းအလဲဖြစ်လာစရာတော့ မရှိပါဘူး။ ဗီလာရီးယဲလ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၅)ပွဲဆက်တိုက်တော့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်။ နည်းပြသစ်လက်ထက်မှာ ရလဒ်တွေ တောက်လျှောက်ကောင်းနေတဲ့ မာဆေးလ်အ သင်းက ပွဲကို ထိန်းကစားသွားမယ့်ပုံစံမျိုး မရှိပါဘူး။ မာဆေးလ် သရေတော့ ရလိမ့်မယ်။

ရိန်းဂျားစ် နှင့် ဘင်ဖီကာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပေါ်တူဂီမြေမှာ ရိန်းဂျားစ်အသင်း နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးတွေ သွင်းပြီးမှ သရေကျခဲ့တာဖြစ်တယ်။ ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံမှု (၃)ပွဲစလုံးလည်း သရေကျထားခဲ့တယ်။ ဘင်ဖီကာအသင်းမှာ ဒီမာရီယာ၊ အော်တာမန်ဒီ၊ နေရိစ်တို့လို ထင်ရှားတဲ့ကစားသမားတွေ ရှိပေမဲ့ လတ်တလောအကျဘက်ရောက်လာတာက အံ့အားသင့်စရာတော့ ကောင်းတယ်။ ရိန်းဂျားစ်အသင်း မိနစ်(၉၀)အတွင်း မရှုံးနိုင်ဘူး။

ဝက်စ်ဟမ်း နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းပြိုင်ပွဲစုံ(၁၃)ပွဲမှာ အာဆင်နယ်တစ်သင်းကိုသာ ဂိုးဒါဇင်ဝက်ပေးခဲ့ရကာ အရေးနိမ့်ခဲ့ပြီး ကျန်တဲ့ပွဲတိုင်း အနိုင်နဲ့ သရေကစားနိုင်ခဲ့တယ်။ လတ်တလောမှာ အိမ်ကွင်းစွမ်းဆောင်ရည် အနည်းငယ်ကျဆင်းနေပြီး တချို့ပွဲတွေမှာ အမှတ်ဆုံးရှုံးနေရသလို၊ နောက်ဆုံးပွဲမှာ ဘန်လေလိုအသင်းကို (၂)ဂိုးအရှုံးကနေ လိုက်ကစားခဲ့ရပြီးမှ ကံကောင်းလို့ သရေတစ်မှတ်ရခဲ့တာဖြစ်တယ်။ ဖရိုင်းဘတ်အသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ ဘိုင်ယန်မြူးနစ်ကို သရေခံကစားခဲ့ပြီး (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ ဒီပွဲလည်း ဖရိုင်းဘတ် မရှုံးလောက်ဘူးထင်တယ်။

ဆလားဗီးယားပရပ်ဂ် နှင့် အေစီမီလန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့မှာ (၂၆)မိနစ်ကတည်းက ဆလားဗီးယားပရပ်ဂ်ကစားသမားတစ်ဦး ထုတ်ပယ်ခံထားရတာဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ အေစီမီလန်ကို (၂)ဂိုးပြန်သွင်းနိုင်တာက ချက်ကလပ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးရမယ်။ ဒါပေမဲ့ အီတလီမြေက ရလဒ်ကိုတော့ ဆလားဗီးယားပရပ်ဂ် ပြောင်းလဲနိုင်ပြီး နောက်တစ်ဆင့်တက်ဖို့တော့ မရှိပါဘူး။ သရေကျဖို့များနေလို့ အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

လီဗာပူးလ် နှင့် စပါတာပရပ်ဂ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်အသင်းက အခုပွဲအပြီးမှာ မန်ယူအသင်းနဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ကစားဖို့ရှိတယ်။ ဒါ့ကြောင့် မကြာသေးခင်က ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ FA ဖလား ပွဲတုန်းကလိုပဲ အကယ်ဒမီအသင်းမှာကစားနေတဲ့ လူငယ်တချို့ကို အခုပွဲကို အသုံးပြုမှာ သေချာသလောက်ရှိနေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲက လီဗာပူးလ်လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုက ချီးကျူးချင်စရာပါ။ စပါတာပရပ်ဂ်က Knockout Play-off အဆင့်မှာ ဂါလာတာစာရေးကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်ပြီး စိတ်ဓာတ်ပိုင်းကြံ့ခိုင်တယ်။ လီဗာပူးလ် နိုင်ပွဲဆက်ယူနိုင်ပေမဲ့ ဂိုးမပြတ်လောက်တော့ဘူး။

ဘရိုက်တန် နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ်ကို ဘရိုက်တန်အသင်း ပြောင်းလဲပစ်နိုင်ဖို့ မလွယ်တော့ဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ ပရိသတ်ကျေနပ်အောင် ကစားပြဖို့နဲ့ ဒီပွဲပြီးရင် မတ်လ(၃၁)ရက်မှ လီဗာပူးလ်နဲ့ တွေ့ဆုံရမှာဖြစ်လို့ ကြားထဲ ပွဲဝေးနေတာကြောင့် အခု ပွဲကို အားကုန်ထုတ်ကစားနိုင်တယ်။ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအထိ ဂိုးပေါက်ပျောက်ပြီး ကျန်တဲ့(၂)ပွဲမှာလည်း တစ်ဂိုးစီသာရခဲ့ကာ တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်တဲ့ တိုက်စစ်ပိုင်းကိုတော့ သိပ်မျှော်လင့်လို့မရဘူး။ ရိုးမားကတော့ အဝေးကွင်းမှာ သရေလောက်ထိန်းနိုင်ဖို့ပဲ အာရုံစိုက်လိမ့်မယ်။ ရိုးမား သရေလောက်တော့ ရမှာပါ။

အတ္တလန်တာ နှင့် စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပေါ်တူဂီမြေမှာ ကစားခဲ့ချိန်တုန်းက အတ္တလန်တာအသင်း တိုင်(၃)ကြိမ်ထိခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့တာ တွေ့ရတယ်။ အခု အီတလီမြေ ပြန်ကစားချိန်မှာတော့ အတ္တလန်တာအသင်း အဲဒီလောက် စွမ်းဆောင်ပြနိုင်ဦးမလား စောင့်ကြည့်ချင်စရာပါ။ နှစ်သင်းကစားသမားပိုင်း သိပ်မကွာပေမဲ့ ဥရောပအစဉ်အလာပိုရှိတဲ့အချက်က စပို့တင်းလစ္စဘွန်းကို အထောက်အကူ ဖြစ်စေနိုင်တယ်။ စပို့တင်းလစ္စဘွန်းပဲ ကြိုက်တယ်။

လေဗာကူဆင် နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အဇာဘိုင်ဂျန်မြေမှာတုန်းက နာကျင်အချိန်ပို ချေပဂိုးကြောင့်သာ လေဗာကူဆင်အသင်း အခုရာသီ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။ လေဗာကူဆင်နည်းပြ အလွန်ဆိုကိုယ်တိုင် သရေကျခဲ့တာ ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။  ဒါပေမဲ့ ဂျာမန်မြေမှာတော့ အရာရာ ပြောင်းလဲသွားမှာ သေချာပါတယ်။ လေဗာကူဆင်အသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက်တော့ သွင်းနိုင်တယ်။