ထိုင်းနိုင်ငံဘက်သို့ တရားမဝင်၊ ဝင်ရောက်လာကြသူများအား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဆိုသည့်အ တွက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ဝင်ရောက်မည့်သူများ ဘုရားသုံးဆူမြို့တွင် သောင်းတင်နေ

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်၊ ဝင်ရောက်လာကြသူများအား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဆိုသည့်အ တွက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ဝင်ရောက်မည့်သူများ ဘုရားသုံးဆူမြို့တွင် သောင်းတင်နေ
Published 24 February 2024

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်၊ ဝင်ရောက်ကြမည့်သူများ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဟု ထိုင်းနိုင်ငံဘက်မှ အသိပေးပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်သူများ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဘုရားသုံးဆူမြို့အနှံ့တွင်သောင်တင်နေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၁၀)ရက်က နစကမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီးနောက် မြန်မာနိုင်ငံသားအများအပြားမှာ ဘုရားသုံးဆူမြို့မှတဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာရန်၊ ဘုရားသုံးဆူမြို့သို့  ရောက်ရှိလာနေကြကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘုရားသုံးဆူကတဆင့် ထိုင်းဘက်ကို တက်မယ့်သူတွေက ထောင်နဲ့ချီပြီးတော့ကိုရှိနေတယ်။ ထိုင်းဘက်ကိုလည်း ဝင်ဖို့ကမလွယ်နေတော့ ဘုရားသုံးဆူမြို့မှာဘဲ နေနေကြရတယ်။ မြို့မှာရှိတဲ့ တည်းခိုခန်းတွေ၊ တည်းခိုဆောင်တွေ၊ ဘုရားကျောင်းတွေအပြင်ကို ဂျပန်ရေတွင်းဘက်က ခြံတွေမှာလည်း နေနေကြတာမျိုးတွေ့ရတယ် ဟု ပြောကြားသည်။

ထိုင်းအာဏာပိုင်များက တရားမဝင်ဝင်ရောက်လာသူများအား ဥပဒေအရအရေးယူမည်ဟု အသိပေးပြောဆိုလာပြီးနောက် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ကြမည့်သူများအနေဖြင့် ဘုရားသုံးဆူမြို့တွင် သောင်တင်နေကြကြောင်းလည်း ၎င်းကဆိုသည်။

ဘုရားသုံးဆူမြို့အနှံ့ ရှိနေကြသည့် ခရီးသွားအများစုမှာ ပွဲစားများမှတဆင့် မြို့သို့ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့တွင်နေထိုင်ရသည့်ရက်ကြာလာသည်နှင့်အမျှ စားရေးသောက်ရေးနှင့် နေရေးထိုင်ရေးခက်ခဲလာနေကြောင်းလည်း ပွဲစားများထံမှ သိရသည်။

ဒီတလောမှာ မြန်မာဘက်ကနေ ထိုင်းဘက်ကို တက်မယ့်သူတွေက တစ်ရက်ကိုအယောက်(၁၀၀) မကရှိတယ်။ တစ်ရက်ကို (၁၀) ယောက်လောက်ကိုဘဲ ထိုင်းဘဲကို ခိုးသွင်းလို့ရတော့ ကျန်တဲ့သူတွေက ဘုရားသုံးဆူမှာ ပုံနေတယ်ဟု ပွဲစားတစ်ဦးက ပြောကြားသည်။

ဘုရားသုံးဆူဒေသအတွင်း ယခင်က မြန်မာနိုင်ငံဘက်ကမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လိုသူများအနေဖြင့် ပွဲစားကြေး မြန်မာကျပ်ငွေ(၁၀)သိန်းကျော်သာပေးသွင်းရသော်လည်း ယခုလက်ရှိအချိန်တွင် ကျပ်သိန်း (၄၀) အထိ ပေးသွင်းနေရကြောင်း ပွဲစားများ၏ ပြောကြားချက်များအရ သိရသည်။

Photo Credit - CJ

Most Read

Most Recent