ထိုင်းဗီဇာလျှောက်ထားမှု ပုံစံနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လူ ၂၀၀ အတွက် တိုကင်များ၊ အွန်လိုင်းဘိုကင်များ ထုတ်ပေးမည်ဖြစ်ကြောင်း ထိုင်းသံရုံးထုတ်ပြန်

ထိုင်းဗီဇာလျှောက်ထားမှု ပုံစံနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လူ ၂၀၀ အတွက် တိုကင်များ၊ အွန်လိုင်းဘိုကင်များ ထုတ်ပေးမည်ဖြစ်ကြောင်း ထိုင်းသံရုံးထုတ်ပြန်
Published 20 February 2024

ထိုင်းဗီဇာလျှောက်ထားမှု ပုံစံနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လူ ၂၀၀ အတွက် တိုကင်များ၊ အွန်လိုင်း ဘိုကင်များ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထားရန် ရက်ချိန်းရယူရာတွင် httpa//thaiconslaryangon.com/visa သို့မဟုတ် QR ကုတ်သို့ ဝင်ရောက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ အွန်လိုင်းမှတစ်ဆင့်ရယူနိုင်ကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင် တိုကင် ၂၀၀ နှုန်းဖြင့် ရက် ၃၀ ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း၊ အွန်လိုင်းမှ ဗီဇာရက်ချိန်းရယူထားသူများမှာ အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသော ပုံ (သို့မဟုတ်) အီးမေးလ်မှတစ်ဆင့် ပေးပို့ထားသော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်ထားမည့်ရက်တွင် တာဝန်ရှိသူများစစ်ဆေးနိုင်ရန် ယူဆောင်လာရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူရမည့်စနစ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၂ နာရီတွင် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်များအတွက် တစ်ရက်လျှင် တိုကင် ၂၀၀ နှုန်းဖြင့် ပေးဝေမည်ဖြစ်ကြောင်း၊ လာရောက်တန်းစီမည့်သူများကို တာဝန်ရှိသူများက ပတ်စ်ပို့နှင့် သေချာစစ်ဆေးပြီးမှန်ကန်မှသာ ရေးမှတ်မည်ဖြစ်သဖြင့် ယင်းတိုကင်နံပါတ်ကို အခြားသူသို့ လွှဲပြောင်းပေးနိုင်မည်မဟုတ်ကြောင်း ထိုင်းသံရုံးကသတင်း ထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်တွင် သံရုံးရှေ့၌ လူကိုယ်တိုင်ရက်ချိန်းရယူခြင်းပမာဏကို ရေတွက်ပြီး လူကိုယ်တိုင်ဗီဇာရယူခြင်းစနစ်နှင့် အွန်လိုင်းမှဗီဇာရက်ချိန်းစနစ် မည်သည့်စနစ်သို့ ပြောင်းလဲသတ်မှတ်နိုင်ခြေရှိမရှိကို ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူ များပြားလာသဖြင့် ဗီဇာလျှောက်ထားရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် လူများတန်းစီစောင့်ဆိုင်းခဲ့ရသည်။

ယင်းသို့ တန်းစီစောင့်ဆိုင်းခြင်းများရှိနေသဖြင့် ဗီဇာလျှောက်ထားရန်တိုကင်စနစ်သို့ ပြောင်းလဲခဲ့ပြီး တစ်ရက်လျှင် လူ ၄၀၀ အတွက် တိုကင်များပေးဝေခဲ့သည်။

ယင်းသို့သတ်မှတ်ချက်ကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းနောက်တွင် ဗီဇာတိုကင်ရယူသည့် စနစ်အား ပုံစံနှစ်မျိုးဖြင့် ပြန်လည်သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

တန်းစီစနစ်ဖြင့် ဗီဇာလျှောက်ထားသူများမှာ တိုကင်နံပါတ်ကို ရုံးဖွင့်ချိန်မတိုင်မီ နံနက် ၈ နာရီခွဲတွင် ပေးဝေမည်ဖြစ်‌ကြောင်း၊ တာဝန်ရှိသူက ပတ်စ်ပို့ဖြင့် သေချာစစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်သူကိုယ်တိုင် တိုကင်နံပါတ် ထုတ်ယူရမည်ဖြစ်သဖြင့် အခြားသူများကို လွှဲပြောင်းနိုင်မည် မဟုတ်‌ကြောင်း၊ တိုကင်နံပါတ်တစ်ခုသည် တစ်ဦးအတွက်သာဖြစ်ကြောင်း၊ တိုကင်နံပါတ်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ အတုအပ ပြုလုပ်ခြင်းများရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်‌ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် ဗီဇာလျှောက်လွှာများကို နံနက် ၉ နာရီတွင် စတင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာတင်မည့်သူနှင့် တိုကင်နံပါတ်ပေးထားသူ၏ ပတ်စ်ပို့စ်နှင့် ကိုက်ညီမှသာ ဗီဇာလျှောက်ထားခြင်းကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဗီဇာကောင်တာတွင် ဗီဇာ‌လျှောက်ထားပြီးပါက တိုကင်နံပါတ်ကို ဗီဇာကောင်တာရှိ တာဝန်ရှိသူထံ ပြန်ပေးရမည်ဖြစ်‌ကြောင်း၊ တိုကင်နံပါတ် ပျောက်ဆုံးပျက်စီးပါက ဗီဇာလျှောက်လွှာများ လက်ခံမည်မဟုတ်‌ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းသို့ သွားရောက်ရာတွင် နှစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက ဗီဇာရယူရန် လိုအပ်ခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent