၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ် ၉၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း CPJ ထုတ်ပြန်

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ် ၉၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း CPJ ထုတ်ပြန်
Photo - AFP
Photo - AFP
Published 18 February 2024

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ် ၉၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့အနက် ၇၇ ဦးသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲအတွင်း သေခဲ့ကာ ဆယ်စုနှစ်တစ်စု နီးပါးအတွင်း ဂျာနယ်လစ်များ သတ်ဖြတ်ခံရမှု အများဆုံးနှစ်ဖြစ်ခဲ့ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပဋိပက္ခများအတွင်း သတ်ဖြတ်ခံရသည့် ဂျာနယ်လစ်များမရှိခဲ့ပါက ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ်များ သတ်ဖြတ်ခံရမှုသည် ပြီးခဲ့သည့်နှစ်ကထက် ကျဆင်းလိမ့်မည်ဖြစ်သည်ဟု CPJ က ပြောကြားခဲ့သည်။

ဆိုမာလီယာနှင့် ဖိလစ်ပိုင်နိုင်ငံများတွင်မူ ဂျာနယ်လစ်များ သတ်ဖြတ်ခံရသည့် အခြေအနေသည် အ ပြောင်းအလဲမရှိခဲ့ကြောင်းလည်း CPJ က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဂျာနယ်လစ်များ သတ်ဖြတ်ခံရမှုှုနှုန်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၄၄ ရာ ခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

“အစ္စရေး-ဂါဇာစစ်ပွဲရဲ့ ပထမသုံးလတာ ကာလအတွင်း သတ်ဖြတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ နိုင်ငံတစ်နိုင်ငံမှာ တစ်နှစ်တာ ကာလအတွင်း သတ်ဖြတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ထက် ပိုမို များပြားခဲ့ပါတယ်”ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက CPJ က ထုတ်ပြန်ခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲအတွင်း သတ်ဖြတ်ခံခဲ့ရသည့် ဂျာနယ်လစ် ၇၇ ဦးအနက် ၇၂ ဦးမှာ ပါလက် စတိုင်းများဖြစ်ပြီး လက်ဘနွန်ဂျာနယ်လစ် သုံးဦးနှင့် အစ္စရေးဂျာနယ်လစ် နှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဂါဇာမှာရှိတဲ့ ဂျာနယ်လစ်တွေဟာ စစ်မြေပြင်တွေပေါ်မှာရှိတဲ့ မျက်မြင်သက်သေတွေ ဖြစ်ပါတယ် ”ဟု CPJ အလုပ်အမှုဆောင်ချုပ် ဂျိုဒီဂျင်စ်ဘာ့ချ်က ပြောကြားခဲ့သည်။

“ဒီစစ်ပွဲမှာ ပါလက်စတိုင်း ဂျာနယ်လစ်တွေ အများအပြား ဆုံးရှုံးခဲ့ရတာဟာ ပါလက်စတိုင်းနယ်နိမိတ် တွေထဲမှာတင် မဟုတ်ဘဲ ဒေသတွင်းနဲ့ ဒေသတွင်းထက် ကျော်လွန်တဲ့နေရာတွေက စာနယ်ဇင်းကဏ္ဍပေါ် ရေရှည်သက်ရောက်မှု ရှိပါလိမ့်မယ်။ ဂျာနယ်လစ်တစ်ယောက် သတ်ဖြတ်ခံရတိုင်း ကမ္ဘာကြီးအပေါ် ကျွန် တော်တို့ရဲ့ သိရှိနားလည်မှုကို ထိုးနှက်ချက်တစ်ခုစီ ဖြစ်လာစေခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်တွင်မူ ဂါဇာ၌ သတ်ဖြတ်ခံရသည့် ဂျာနယ်လစ် အရေအတွက်သည် ၈၅ ဦးအထိ မြင့်တက်လာသည်ဟု နယူးယောက်အခြေစိုက် CPJ က ပြောကြားခဲ့သည်။

အစ္စရေး တပ်ဖွဲ့များသည် ဂျာနယ်လစ်များကို ဖိနှိပ်နေကြောင်းနှင့် ဂါဇာတွင် သတ်ဖြတ်ခံခဲ့ရသည့် ဂျာ နယ်လစ်များကို အစ္စရေး စစ်သားများက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်းဟုတ် မဟုတ်ကို စုံစမ်း စစ်ဆေးရန် CPJ က အစောပိုင်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၆၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်အဖွဲ့ကို အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ကြုံးဝါးခဲ့သည်။

ထို့ပြင် ဟားမာ့စ်အဖွဲ့သည် အစ္စရေးတွင် ဓားစာခံ ၂၅၀ ကို ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိတွင် ဓားစာခံ ၁၃၀ ခန့် ဟားမာ့စ်အဖွဲ့လက်ထဲတွင် ရှိနေဆဲဖြစ်ကာ ဓားစာခံ ၂၉ ဦးမှာ သေဆုံးခဲ့ကြောင်း ယူဆ ခံထားရသည်။

ဂါဇာကမ်းမြောင်ဒေသတွင်မူ အစ္စရေး၏ ပြင်းထန်သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၂၈၅၇၆ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု ဂါဇာကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂါဇာစစ်ပွဲအပြင် ဂျာနယ်လစ်များ သတ်ဖြတ်ခံရမှု အများဆုံးနိုင်ငံများမှာ ယူကရိန်းနှင့် မက္ကဆီကိုနိုင်ငံ များဖြစ်ပြီး ယင်းနိုင်ငံများတွင် ဂျာနယ်လစ် ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။

ယူကရိန်းတွင် သတ်ဖြတ်ခံခဲ့ရသည့် ဂျာနယ်လစ်များအနက် အေအက်ဖ်ပီ သတင်းဌာနမှ အသက် ၃၂ နှစ်အရွယ် ဂျာနယ်လစ်တစ်ဦး ပါဝင်ခဲ့ပြီး သူသည် ဘက်ခ်မွတ်မြို့ တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ုပြင် မက္ကဆီကို၊ ဖိလစ်ပိုင်နှင့် ဆိုမာလီယာနိုင်ငံများသည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး နိုင်ငံများအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ပြီး အခြားနိုင်ငံများတွင်လည်း စာ နယ်ဇင်းလွတ်လပ်ခွင့်များ ဖိနှိပ်ခံထားရသည်ဟု CPJ က သတိပေးခဲ့သည်။                    Ref:AFP

Most Read

Most Recent