ထိုင်းဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် တိုကင်နံပါတ်များကို သုံးရက်စာအတွက် ထိုင်းသံရုံးက ထုတ်ပေးနေ

ထိုင်းဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် တိုကင်နံပါတ်များကို သုံးရက်စာအတွက် ထိုင်းသံရုံးက ထုတ်ပေးနေ
Published 16 February 2024

ထိုင်းဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် တိုကင်နံပါတ်များကို သုံးရက်စာအတွက် ထိုင်းသံရုံးက ထုတ်ပေးနေကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁ နာရီခွဲမှစတင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်များအတွက် ကြိုတင်ထုတ်ပေးနေခြင်းဖြစ်သည်ဟု ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းဗီဇာလျှောက်ထားရာတွင် တိုကင်နံပါတ်ရရှိရန် နံနက်အစောပိုင်းကတည်းက လာရောက်တန်းစီသူ များပြားလျက်ရှိနေပြီး နောက်ပိုင်းတွင် တိုကင်နံပါတ်များကို ကြိုတင်ထုတ်ပေးသည့်စနစ်ကို ပြောင်းလဲလိုက် ခြင်းလည်းဖြစ်သည်။

ဗီဇာလျှောက်ရန် တိုကင်နံပါတ်ကို ထိုင်းသံရုံးက တစ်ရက်လျှင် လူ ၄၀၀ ဝေငှမည်ဟု ‌ကြေညာထားသဖြင့် နံနက်ပိုင်းကတည်းက တန်းစီစောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု တန်းစီနေသူအချို့က ‌ပြောကြားသည်။

ဗီဇာ လာရောက်လျှောက်ထားသူများပြားသဖြင့် တစ်နေ့လျှင် ဗီဇာလျှောက်ထားသူ ၄၀၀ သာ လက်ခံမည်ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

ယင်းသို့သတ်မှတ်ချက်ကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပြီး ဗီဇာလျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းချက်ငါးချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။

ဗီဇာလျှောက်ထားသူများအနေဖြင့် တန်းစီရမည်ဖြစ်ပြီး တိုကင်နံပါတ်ကို ရုံးဖွင့်ချိန်မတိုင်မီ နံနက် ၈ နာရီခွဲတွင် ပေးဝေမည်ဖြစ်‌ကြောင်း၊ တာဝန်ရှိသူက ပတ်စ်ပို့ဖြင့် သေချာစစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်သူကိုယ်တိုင် တိုကင်နံပါတ် ထုတ်ယူရမည်ဖြစ်သဖြင့် အခြားသူများကို လွှဲပြောင်းနိုင်မည် မဟုတ်‌ကြောင်း၊ တိုကင်နံပါတ်တစ်ခုသည် တစ်ဦးအတွက်သာဖြစ်ကြောင်း၊ တိုကင်နံပါတ်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ အတုအပပြုလုပ်ခြင်းများရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်‌ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် ဗီဇာလျှောက်လွှာများကို နံနက် ၉ နာရီတွင် စတင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာတင်မည့်သူနှင့် တိုကင်နံပါတ်ပေးထားသူ၏ ပတ်စ်ပို့စ်နှင့် ကိုက်ညီမှသာ ဗီဇာလျှောက်ထားခြင်းကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဗီဇာကောင်တာတွင် ဗီဇာ‌လျှောက်ထားပြီးပါက တိုကင်နံပါတ်ကို ဗီဇာကောင်တာရှိ တာဝန်ရှိသူထံ ပြန်ပေးရမည်ဖြစ်‌ကြောင်း၊ တိုကင်နံပါတ် ပျောက်ဆုံးပျက်စီးပါက ဗီဇာလျှောက်လွှာများ လက်ခံမည်မဟုတ်‌ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent