ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့်သွားမည်ဖြစ်ရာ တိုကင်နံပါတ် အလွဲသုံးစားပြုခြင်းနှင့် တိုကင်အတုအပ ပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ခံရမည် 

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့်သွားမည်ဖြစ်ရာ တိုကင်နံပါတ် အလွဲသုံးစားပြုခြင်းနှင့် တိုကင်အတုအပ ပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ခံရမည် 
Published 14 February 2024

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့်သွားမည်ဖြစ်ရာ တိုကင်နံပါတ် အလွဲသုံးစားပြုခြင်းနှင့် တိုကင်အတုအပ ပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ထိုင်းသံရုံးက ထုတ်ပြန်သည်။ 

လတ်တလောတွင် ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ အရေအတွက် များပြားနေသောကြောင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ဗီဇာလျှောက်ထားရာ၌ တန်းစီစနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါတ်အား ရုံးဖွင့်ချိန် မတိုင်မီ နံနက် ၈ နာရီခွဲမှ စတင်၍ ဗီဇာလျှောက်ထားမည့်သူများအား ပေးဝေမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ပတ်စ်ပို့နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါတိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်း ပြုလုပ်၍ မရကြောင်း ဖော်ပြထားသည်။ 

တိုကင်နံပါတ်တစ်ခုလျှင် လျှောက်ထားမည့်သူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် တိုကင်အတုအပပြုလုပ်သည်ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ဗီဇာလျှောက်လွှာများအား ရုံးဖွင့်ချိန် နံနက် ၉ နာရီမှ စတင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာမတင်မီ လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်းပေးထားသူ၏ ပတ်စ်ပို့စ်နှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးပြီးမှသာ ဗီဇာလျှောက်လွှာများအား လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ဗီဇာကောင်တာတွင် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား ဗီဇာကောင်တာရှိ တာဝန်ရှိသူများထံ ပြန်ပေးရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရာ၌ လိုအပ်သော အချက်အလက်များအား QR Code တွင် Scan ဖတ်၍ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် အကယ်၍ စာရွက်စာတမ်းအချက်အလက်များ မပြည့်စုံပါက လျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကယ်၍ တိုကင်နံပါတ်များအား ပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက ထိုင်းသံရုံးမှ ဗီဇာလျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း ကြေညာထားသည်။ 

Most Read

Most Recent