ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ ခြေထောက်တွင် ကြွက်နို့သဏ္ဍာန် ထွက်လာသဖြင့် ဆင်ကျွမ်းကျင် ဆရာဝန်များ နှင့် စစ်ဆေး စောင့်ရှောက်ပေးနေ

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ ခြေထောက်တွင် ကြွက်နို့သဏ္ဍာန် ထွက်လာသဖြင့် ဆင်ကျွမ်းကျင် ဆရာဝန်များ နှင့် စစ်ဆေး စောင့်ရှောက်ပေးနေ
ပုံစာ- ဆင်မကြီးမိုမိုကို ဆေးဖျန်းခြင်း၊ဆေးရည်စိမ်ခြင်းတို့ဖြင့် ပြုစုစောင့်ရှောက်ပေးနေစဉ်(ဓာတ်ပုံ - Yangon Zoo)
ပုံစာ- ဆင်မကြီးမိုမိုကို ဆေးဖျန်းခြင်း၊ဆေးရည်စိမ်ခြင်းတို့ဖြင့် ပြုစုစောင့်ရှောက်ပေးနေစဉ်(ဓာတ်ပုံ - Yangon Zoo)
Published 10 February 2024

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ ခြေထောက်တွင် ကြွက်နို့သဏ္ဍာန်ထွက်လာသဖြင့် ဆင်ကျွမ်းကျင်ဆရာဝန်များနှင့် စစ်ဆေး စောင့်ရှောက်ပေးနေကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်မှုအရ သိရသည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ဆင်မကြီးမိုမိုသည် အသက်အရွယ်ကြီးရင့်လာမှု၏နောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် သက်ကြီးဆင်များတွင် ဖြစ်လေ့ဖြစ်ထရှိ‌သော ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာကြောင်းသိရသည်။

ထို့ကြောင့် ၎င်းအခြေအနေကို ဆင်ကျွမ်းကျင်သူ ပညာရှင်များဖြစ်သည့် ဒေါက်တာခင်မောင်ဝင်း (ဆင်ဖြူတော်ဥယျာဉ်) နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒု-လက်ထောက် အထွေထွေမန်‌နေဂျာ ဒေါက်တာဇော်မင်းဦးတို့ကို ပင့်ဖိတ်၍ အကြံဉာဏ်တောင်းခံခဲ့ပြီး လိုအပ်သည်များကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အင်းစိန်ရောဂါရှာဖွေရေးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာဝင်းမြင့်နှင့် လိုအပ်‌သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ဆင်မကြီးမိုမိုသည် အသက်ကြီးလာသည်နှင့်အမျှ ၎င်း၏မူရင်းသဘာဝအတိုင်း အစာကို အမျိုးမျိုးရွေးချယ် စားသောက်တတ်ပြီး နေ့စဉ်နှင့်အမျှ အစာကို ပြောင်းလဲစားသောက်တတ်ကြောင်း၊ ဆင်မကြီးမိုမိုအတွက် လိုအပ်သော ဖြည့်စွက်စာများ‌နှင့် ကြိုက်နှစ်သက်သည့် အစာကိုပိုမိုကျွေးခြင်း၊ ညဘက် အိပ်ချိန်တွင် သက်တောင့်သက်သာ ဖြစ်စေရန် သဲပေါ်မှာ အိပ်စက်စေခြင်းများကို ဆောင်ရွက်၍ အနီးကပ်ကျွေးမွေး ပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမိုကို ၁၉၆၁ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက လှူဒါန်းခဲ့ရာ လှူဒါန်းစဉ်က အသက် (၇) နှစ်ခန့်ရှိပြီး ယခုတွင် အသက် (၇၁) နှစ်အရွယ် ရှိပြီဖြစ်သည်။

 

Most Read

Most Recent