ဇန်နဝါရီလအတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား နှစ်သိန်းကျော် လာရောက်

ဇန်နဝါရီလအတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား နှစ်သိန်းကျော် လာရောက်
Published 5 February 2024

ဇန်နဝါရီလအတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွားနှစ်သိန်းကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးဒေသသို့ ဇန်နဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၂၀၀၃၉၉ ဦးနှင့် ပြည်ပဘုရားဖူးခရီးသွား ၉၂၉ ဦး၊ စုစုပေါင်း ၂၀၁၃၂၈ ဦး လာရောက်ခဲ့ကြောင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကဆိုရင် စနေနေ့မျိုးတွေမှာ ဘုရားဖူး ၂၀၀၀၀ ကျော်လောက် လာကြတယ်။ ကြားရက်တွေမှာဆိုရင်လည်း ဘုရားဖူးတွေက ၄၀၀၀ ကျော် ၅၀၀၀ ဝန်းကျင်လောက်အထိကို လာရောက်ခဲ့ကြပါတယ်” ဟု ဆိုသည်။

နယ်မြေတည်ငြိမ်အေးချမ်းနေသည့်အတွက်ကြောင့် ဘုရားဖူးများ လာရောက်မှုများပြားလာရခြင်းဖြစ်ကြောင်း၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်နှင့် အဆင်ပြေစွာတည်းခိုစားသောက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း ၎င်းက ပြောကြားသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးများ လာရောက်မှုများပြားလာသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ စားသောက်ဆိုင်နှင့် တည်းခိုခန်းလုပ်ငန်းများမှာ အထိုက်အလျောက်အဆင်ပြေလာကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းတချို့ ပြန်လည်လုပ်ကိုင် လာနိုင်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“ပြီးခဲ့တဲ့နှစ်တွေကတော့ ဘုရားဖူးတွေ သိပ်မလာလို့ ကြုံရာကျပန်း အလုပ်လုပ်ကိုင်စားသောက်နေရတယ်။ အခုလို ဘုရားဖူးတွေ ပြန်လာကြတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေမှုလေးတွေတော့ ရှိလာတယ်” ဟု ကျိုက်ထီးရိုးရင်ပြင်တော်စခန်းမှ အထမ်းသမားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ပြည်တွင်းဘုရားဖူး ၂၈၄၀၇၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၂၁၄ ဦး လာရောက်ခဲ့ကြောင်းနှင့် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတစ်လအတွင်းမှာပင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား နှစ်သိန်းကျော် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးတောင်ခြေတွင်တည်ရှိသော ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ရှိ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်ဝင်းအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဘုရားဖူးသုံးဦး သေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီးနောက် ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းပြည်ပဘုရားဖူး ခရီးသွားလာရောက်မှု  သိသိသာသာနည်းသွားကြောင်း သိရသည်။ ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရာ ကျိုက်ထီးရိုးတောင်တက်ကားလမ်းရှိ ဒေသအခေါ် လေးဖာတောတံတားမှာလည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခန့် က မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ရှိသည့် ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ်ဘုရားဖူးသုံးသန်းခန့် လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

Most Read

Most Recent