ဆူဒန်စစ်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက် ရှစ်သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂ ပြောကြား

ဆူဒန်စစ်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက် ရှစ်သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂ ပြောကြား
ဇန်နဝါရီ ၁၀ ရက်က ဆူဒန်အရှေ့ပိုင်းဂျီဒါရက်ဖ်မြို့တွင် စျေးဆိုင်များပိတ်ထားခြင်းနှင့်အတူ ခြောက်ကပ်နေသောလမ်းတစ်လျှောက် သွားလာနေသောလူတချို့ကို တွေ့ရစဉ် (Photo:AFP)
ဇန်နဝါရီ ၁၀ ရက်က ဆူဒန်အရှေ့ပိုင်းဂျီဒါရက်ဖ်မြို့တွင် စျေးဆိုင်များပိတ်ထားခြင်းနှင့်အတူ ခြောက်ကပ်နေသောလမ်းတစ်လျှောက် သွားလာနေသောလူတချို့ကို တွေ့ရစဉ် (Photo:AFP)
Published 1 February 2024

ဆူဒန်နိုင်ငံတွင် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် ရှစ်သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အီသီယိုပီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ဆူဒန်အကျပ်အတည်းကို ဖြေရှင်းရန် ငွေကြေးများ ကူညီထောက်ပံ့ပေးရန် နိုင်ငံတကာအလှူရှင်များကို တိုက်တွန်းခဲ့သည်။

“ပဋိပက္ခဟာ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေအပေါ် သက်ရောက်မှုလည်း ပိုမိုကြီးမားလာပါတယ်”ဟု ဂရန်ဒီက အီသီယိုပီးယားနိုင်ငံ၏မြို့တော် အဒစ်အဘာဘာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ် ဧပြီလမှစပြီး အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက် ရှစ်သန်းခန့်ရှိခဲ့ပြီး လူပေါင်း ၁ ဒသမ ၅ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြောင်း ဂရန်ဒီက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလက ဆူဒန်တွင် စစ်ဘက်အကြီးအကဲ အဗ္ဗဒယ်ဖာတာ အယ်လ်ဘာဟန်နှင့် ၎င်း၏ လက်ထောက်ဟောင်း မိုုဟာမက်ဟမ်ဒန် ဒါဂလို၏ အရန်တပ်ဖွဲ့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများမှာလည်း ရေရှည်မခံဘဲ ကျိုးပျက်ခဲ့ပြီး အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

ဂရန်ဒီကမူ ဆူဒန်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးရန် အလှူရှင်နိုင်ငံများကို တိုက်တွန်းခဲ့ပြီး လိုအပ်သည့် ရန်ပုံငွေ၏ ၄၀ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြား သိသာထင်ရှားသည့် ပဋိပက္ခများ ရှိနေသော်လည်း ဆူဒန်ပဋိပက္ခသည် အရေးမကြီးသည့် အဓိပ္ပာယ်မျိုးမဟုတ်ကြောင်း ဂရန်ဒီက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်အထိ ဆူဒန်တွင် အိမ်ပစ်ရာပစ် ထွက်ပြေးခဲ့ရသူအရေအတွက် ၇ ဒသမ ၆ သန်းခန့်ရှိခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ကလေးများဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) က ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံသား ငါးသောင်းခန့်အပါအဝင် လူပေါင်းတစ်သိန်းကျော်သည် အီသီယိုပီးယားနိုိင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ခဲ့သည်။စစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ဆူဒန်မှ ချဒ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သူ အများအပြားရှိခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်အတွင်းမှာပင် လူပေါင်း ၅၀၀၀၀၀ သည် ချဒ်နိုင်ငံအတွင်းသို့ ထွက် ပြေးဝင်ရောက်လာခဲ့ပြီး တောင်ဆူဒန်နိုင်ငံအတွင်းသို့ တစ်ရက်လျင် လူပေါင်း ၁၅၀၀ ခန့် ပျမ်းမျှဝင်ရောက်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်အထိ ဆူဒန်မှ တောင်ဆူဒန်နယ်စပ်ကို ဖြတ်သန်းဝင်ရောက်ခဲ့သူ အရေအတွက် ၅၁၇၀၀၀ ခန့်ရှိကြောင်း OCHA က ပြောကြားခဲ့သည်။

ခါတွန်မြို့တော်တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ကာ အနောက်ဒါဖာဒေသရှိ မြို့တစ်မြို့တည်းမှာပင် လူပေါင်း ၁၀၀၀၀ မှ ၁၅၀၀၀ အကြား သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသည့် အစိုးရအဖွဲ့သည် ယခုလအတွင်း အရှေ့အာဖရိက ကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် IGAD ၏ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ရပ်ဆိုင်းခဲ့သည်။

စစ်ပွဲဖြစ်ပွားနေသည့် ဆူဒန်စစ်တပ်နှင့် အရပ်တပ်ဖွဲ့သည် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ အရပ်သားများကို ညှင်းပန်းနှိပ်စက်မှု၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုတို့နှင့်ပတ်သက်ပြီး အပြန် အလှန်စွပ်စွဲပြစ်တင်ခဲ့ကြသည်။ Ref:AFP

Most Read

Most Recent