ရုရှားသမ္မတပူတင်က ယူကရိန်းကို နာဇီနှင့် နှိုင်းယှဉ်ပြောကြား

ရုရှားသမ္မတပူတင်က ယူကရိန်းကို နာဇီနှင့် နှိုင်းယှဉ်ပြောကြား
ဇန်နဝါရီ ၂၇ ရက်က စိန့်ပီတာစဘတ်ချ်မြို့ရှိ “အမိမြေ” အထိမ်းအမှတ်အဆောက်အအုံတွင် လွမ်းသူပန်းခွေချသည့် အခမ်းအနားသို့ တက်ရောက်နေသည့် ရုရှားသမ္မတပူတင် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
ဇန်နဝါရီ ၂၇ ရက်က စိန့်ပီတာစဘတ်ချ်မြို့ရှိ “အမိမြေ” အထိမ်းအမှတ်အဆောက်အအုံတွင် လွမ်းသူပန်းခွေချသည့် အခမ်းအနားသို့ တက်ရောက်နေသည့် ရုရှားသမ္မတပူတင် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
Published 28 January 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းကို နာဇီနှင့် နောက်ထပ်တစ်ကြိမ် နှိုင်းယှဉ်ပြောကြားခဲ့ပြီး ယူကရိန်းသည် အဒေါ့ဖ်ဟစ်တလာ၏ SS လက်မရွံ့အဖွဲ့ကို အမွှမ်းတင်နေကြောင်း ဇန်နဝါရီ ၂၇ ရက်က ပြော ကြားခဲ့သည်။

ပူတင်သည် လီနင်ဂရက်မြို့ စီးနင်းခံရမှု အဆုံးသတ်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖွင့်လှစ်ချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နာဇီဝါဒကို အမြစ်ဖြတ်ချေမှုန်းမည်ဟု သန္နိဌာန်ချခဲ့သည်။

ပူတင်သည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ၎င်း၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တရားမျှတကြောင်း ဖော်ပြရန်အတွင် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့အပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲရမှုကို မကြာခဏ မှီငြမ်းပြောဆိုခဲ့သည်။

ယူကရိန်းသည် နာဇီဝါဒကို ချေမှုန်းရန် လိုအပ်သည့် ဖက်ဆစ်နိုင်ငံတစ်ခုဖြစ်ကြောင်း ပူတင်က စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်များကို ပုဂ္ဂလိက ကျွမ်းကျင်သူများက ငြင်းဆိုခဲ့သည်။

ယူကရိန်းအစိုးရသည် ဟစ်တလာ၏ လက်အောက်ခံ SS တပ်ဖွဲ့ကို အမွှမ်းနေကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားအနေဖြင့် နာဇီဝါဒကို အမြစ်ပြတ်ချေမှုန်းရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

“ဒီနေ့ခေတ်မှာ သူတို့ကိုယ်သူတို့ ဘယ်လိုပဲ သှုံးနှုန်းဖော်ပြနေပါစေ၊ နာဇီ လက်မရွံ့တွေရဲ့ နောက်လိုက်တွေဟာ ပျက်စီးကိန်း ကြုံနေပါပြီ”ဟု ပူတင်က ၎င်း၏ မွေးရပ်မြို့ဖြစ်ပြီး မျက်မှောက်ခေတ်တွင် စိန့်ပီတာစဘတ်ချ်ဟု အမည်ပြောင်းလဲခဲ့သည့် လီနင်ဂရက်မြို့အနီးတွင် ပြောကြားခဲ့သည်။

ယူကရိန်း၊ အနောက်နိုင်ငံများနှင့် အမှီအခိုကင်းသည့် ကျွမ်းကျင်သူများကမူ ယူကရိန်းကို နာဇီနှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည့် ပူတင်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့ကြသည်။

ပူတင်သည် လီနင်ဂရက်မြို့ ပိတ်ဆို့ခံရချိန်က သေဆုံးခဲ့သူများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အောင့်မေ့ဖွယ် အဆောက်အအုံသစ် ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုမြို့ကို ဂျာမန်တပ်ဖွဲ့များက ၈၇၂ ရက်ကြား ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ချိန်အတွင်း မြို့အတွင်းရှိ လူပေါင်း ၈၀၀၀၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါကူးစက်မှုနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှု တို့ကြောင့် သေဆုံးခဲ့သည်။

ပူတင်သည် ထိုကာလအတွင်း သေဆုံးခဲ့သူ ၄၀၀၀၀၀ ကျော်ကို မြှုပ်နှံထားသည့် သချႋုင်းကိုလည်း ဇန်နဝါရီ ၂၇ ရက်အစောပိုင်းက သွားရောက်ခဲ့သည်။

ဆိုဗီယက်တပ်နီတော်သည် ၁၉၄၄ ခု နှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဂျာမန်တပ်များ၏ ၀ိုင်းဝန်းပိတ်ဆို့မှုကို ချိုးဖျက်နိုင်ခဲ့သည်။

ပူတင်သည် ဒုတိယကမ္ဘာစစ်ကြီးအပြီး မှ မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ အကြီးဆုံးအစ်ကိုသည် လီနင်ဂရက်မြို့ ပိတ်ဆို့ခံခဲ့ရချိန်အတွင်း ငတ်မွတ်ခေါင်းပါးမှုဖြင့် သေဆုံးခဲ့သည်။

ထို့ပြင် ပူတင်က သူ့အမေသည် ထိုအချိန်က လူသေအလောင်းများစုပုံထားသည့် နေရာအနီးတွင် သတိလစ်မေ့မြောပြီး လဲကျသွားခဲ့ဖူးသည်ဟုလည်း ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် ယူနီယံသည် “မဟာ မျိုးချစ် စစ်ပွဲ”ဟု ခေါ်ဆိုသည့် နာဇီ ဂျာမနီနှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း လူပေါင်း ၂၇ သန်းခန့် သေဆုံးခဲ့ကာ  ဒုတိယကမ္ဘာစစ်အတွင်း လူသေဆုံးမှုအများ ဆုံးနိုင်ငံဖြစ်ခဲ့သည်။                           Ref:AFP

Most Read

Most Recent