၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဇယား၊ ဗိုလ်လုပွဲအပါအဝင် လက်ခံကျင်းပမည့်ကွင်းများကို ဖေဖော်ဝါရီ (၄)ရက်တွင် FIFA ကြေညာမည်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဇယား၊ ဗိုလ်လုပွဲအပါအဝင် လက်ခံကျင်းပမည့်ကွင်းများကို ဖေဖော်ဝါရီ (၄)ရက်တွင် FIFA ကြေညာမည်
Photo: FIFA
Photo: FIFA
Published 22 January 2024

ကနေဒါ-မက္ကဆီကို-အမေရိကန် (၃)နိုင်ငံ၌ ပူးတွဲကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်ဇယား၊ ဗိုလ်လုပွဲအပါအဝင် လက်ခံကျင်းပမည့်ကွင်းများကို ဖေဖော်ဝါရီ (၄)ရက်တွင် ကြေညာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ထုတ်ပြန်ခဲ့သည်။

(၂၃)ကြိမ်မြောက်ဖြစ်သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄၈) သင်းပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲကျင်းပမည်ဖြစ်ပြီး ကနေဒါ-မက္ကဆီကို-အမေရိကန် (၃)နိုင်ငံ၌ ပူးတွဲကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခင်က ၂၀၀၂ ပြိုင်ပွဲတစ်ကြိမ်သာ တောင်ကိုရီးယားနှင့် ဂျပန်၌ ပူးတွဲကျင်းပခဲ့ဖူးပြီး (၃)နိုင်ငံ၌ ပူးတွဲကျင်းပခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။

အသင်းအရေအတွက် တိုးမြင့်လာသောကြောင့် ပွဲစဉ်အရေအတွက်မှာလည်း (၃၂)သင်းအဖြစ် ကျင်းပခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စုစုပေါင်း (၆၄)ပွဲရှိခဲ့ရာမှ ၂၀၂၆ ပြိုင်ပွဲတွင် (၁၀၄)ပွဲအထိ ရှိလာမည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်ဇယား၊ ဗိုလ်လုပွဲအပါအဝင် လက်ခံကျင်းပမည့်ကွင်းများကို ဖေဖော်ဝါရီ (၄)ရက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် နံနက် ၂ နာရီခွဲ)တွင် ကြေညာမည်ဖြစ်ကြောင်း FIFA ၏ ထုတ်ပြန်မှုအရ သိရသည်။

FIFA အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင် (၁၉)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သော်လည်း ပြိုင်ပွဲစတင်မည့်ရက်ကို ဖေဖော်ဝါရီ (၄)ရက်မှသာ ကြေညာမည်ဖြစ်သည်။

ထို့ပြင် ပူးတွဲအိမ်ရှင် သုံးနိုင်ငံပါဝင်မည့် အုပ်စုများ၊ ၎င်းတို့၏ အုပ်စုအဖွင့်ပွဲစဉ်များကိုပါ ကြေညာမည်ဖြစ်ကြောင်း သိရသည်။

FIFA သည် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် မြို့ (၁၆)မြို့မှ ကွင်း (၁၆)ခုကို ရွေးချယ်ထားသည်။

 

Most Read

Most Recent