သမိုင်းထဲက ရုန်းကန်လာရတဲ့ ရဿဝတီ 

သမိုင်းထဲက ရုန်းကန်လာရတဲ့ ရဿဝတီ 
Published 14 January 2024
စည်သာ(တောင်ကြီး)

ရှမ်းပြည်သမိုင်းမှာ အထင်ရှားဆုံးနဲ့ ရှေးအကျဆုံး မြို့ဟောင်းတစ်ခုအကြောင်း ပြောမယ်ဆိုရင် ရပ်စောက်လို့ခေါ်တဲ့ ရဿဝတီ မြို့တော်ဟောင်းကို ချန်လှပ်ထားလို့ မရချေ။ ရှေးနှစ်ပေါင်း ၁၂၀၀ ကျော်ကာလအတွင်း ရှမ်းပြည်သမိုင်းကြောင်းဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် ရပ်စောက်၊ ညောင်ရွှေ၊ မိုးနဲ၊ သီပေါ စသည့် မြို့တော်များသည် ထင်ရှားသော ခေတ်ပြိုင်မြို့တော်ဟောင်းများအဖြစ် လေ့လာခဲ့ရသည်။

ယခုစာရေးသူ တင်ပြချင်သော အကြောင်းအရာလေးက ရဿဝတီ ရပ်စောက်မြို့နယ်မဂ္ဂဇင်းတွင် ဖော်ပြထားသော ရပ်စောက် မြို့တော်သမိုင်းကြောင်း ဖြစ်စဉ်ဖြစ်ရပ်များကို တင်ပြပေးသွားမည် ဖြစ်ပါသည်။

''ရပ်စောက်မြို့တော် သမိုင်းကြောင်း''

ရပ်စောက်မြို့တော်သည် မြို့တည်နှစ်ပေါင်း ၁၂၀၀ ကျော် အတွင်း လေးကြိမ်ထက်မနည်း မြို့တော်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ရုန်းကန်ခဲ့ရကာ ဖီးနစ်ငှက်ကဲ့သို့ မီးတောက်မီးလျှံကြားထဲမှ ရှင်ပြန်ထမြောက်ခဲ့ရသော မြို့တော် ဟောင်းတစ်ခုဆိုလည်း မမှားချေ။ 

ရပ်စောက်မြို့သည် သက္ကရာဇ် ၁၄၂ ခုနှစ်တွင် စတင်မြို့တည်ခဲ့သဖြင့် အတိအကျ ဆိုရလျှင် နှစ်ပေါင်း ၁၂၄၂ နှစ် တိုင် ကြာမြင့်လာပြီ ဖြစ်သော ရှမ်းပြည်တောင်ပိုင်းတွင် သက်တမ်းရင့် မြို့ဟောင်းတစ်ခုလည်း ဖြစ်ပါတယ်။ (စကားချပ် - မြို့တည်နှစ် ရှေ့ပိုင်းကာလများကို ထည့်တွက်လျှင် နှစ်ပေါင်း များစွာ ကြာမြင့်နိုင်သည်။ သို့သော် ကောလီမင်းမြို့တည်သော အရှေ့ပိုင်းကာလများသည် ခန့်မှန်းမရနိုင်သေးချေ။ )

မောကိုးပြည်ထောင်တွင် အပါအဝင် ဖြစ်သော ညောင်ရွှေပြည်ကြီးထက်ပင် ရှေးကျပြီး ရပ်စောက်သည် ပို၍ မြို့တည်နှစ်စောသည်ဟု မှတ်တမ်းများတွင် လေ့လာရသည်။

ရပ်စောက်မြို့ သမိုင်းကြောင်းကို လေ့လာကြည့်ရာတွင် နဂါးကျစ်ကုန်းရွာအရှေ့တောင်ဘက်တွင် ရဿဝတီအမည်ဖြင့် သက္ကရာဇ် ၁၄၂ ခု၊ တပေါင်းလဆန်း ၃ ရက် သောကြာနေ့တွင် သမုတ်ခေါ်ဝေါ်ခဲ့ကြောင်း အစောဆုံးခုနှစ်မှတ်တမ်းကို လေ့လာရပါသည်။ 

ရပ်စောက်ဟူသော အမည်တွင်လာခြင်းမှာ ပေါက်ကန် နရစည်သူမင်းလက်ထက် ရှမ်းပြည်တစ်လွှား ကြွရောက်သွားတော်မူသော ကာလမိုးနဲသို့ ရောက်လျှင် မြို့ကိုစောင့်သော ဒေဝသုဓနဝိဒူမည်သော နတ်တို့က ပိန္နဲလုံးပတ် ခုနစ်ထွာ၊ လုံးရေ ငါးလုံးကို ယူဆောင်တော်မူ၍ စေတီမွေတော်မြတ်တစ်ဆူကို တည်ထားတော်မူခဲ့ပြီး နတ်ပိန္နဲကိုလည်း သားတော်ခေါ်ပြီးလျှင် ပိန္နဲမျိုးစေ့ကို အဓိဋ္ဌာန်၍ ရပ်တော်မူလျက် ခြေမတော်နှင့်နင်း၍ စိုက်တော်မူခဲ့သည့် အရာကို အစွဲပြု၍ ရဿဝတီဟု ခေါ်ဝေါ်သမုတ်ပြီး ကာလကြာသော် ရပ်စောက်မြို့ဟု တွင်ကြောင်း သိရသည်။

''ရပ်စောက်မြို့တည်ခြင်း''

ရပ်စောက်မြို့တည်အစကား သီဟိုဠ်ရောက် ကောလီမင်းသည် မြို့တည်ထောင်ပြုစုမည့်အရပ်ကို ရှာဖွေလျှင် သာယာစွာသော နဂါးကျစ်ကုန်းကို တွေ့မြင်သောကြောင့် ဝင်နေပြုစုသင့်သည့်အရပ်ကို ပညာရှိသုခမိန်တို့နှင့် ရွေးချယ်ပြီးလျှင် နဂါးကျစ်ကုန်း အရှေ့တောင်ထောင့်အရပ်က ဝင်ရောက်၍ မြို့တည်ဆောက်ပြုစုကြသည်။ ဘုန်းကံ အလျောက် မြို့ရွာဖြစ်ပွားလျှင် ရဿဝတီ အမည်သမုတ်ခေါ်ဝေါ်ခဲ့သည်။ ဤကား ရပ်စောက်မြို့တည်အစတည်း။ ရပ်စောက်မြို့စစ်တမ်းတွင် ကောလီမင်း မြို့တည်နှစ်ကို ဖော်ပြထားသည်ကို မတွေ့ရချေ။

အဇာတသတ်မင်း စစ်အင်္ဂါလေးပါးနှင့် တကွ လှည့်လည်တော်မူလျှင် ညောင်ရွှေအင်းသို့ ရောက်တော်မူလျှင် ရေသဘင်နန်းစံတော်မူသည်။ သက္ကရာဇ် ၁၄၂ ခု၊ တပေါင်း လဆန်း ၃ ရက် သောကြာနေ့ အဇာတသတ်မင်းနယ်ကို သတ်မှတ်၍ သနားတော်မူသည်။ အဇာတသတ်မင်းနောက်ပိုင်း သရေခေတ္တရာပြည်ကို စိုးစံတော်မူသော ဒွတ္တပေါင်မင်းကြီး တိုင်းခန်းလှည့်လည်တော်မူ၍ ညောင်ရွှေအင်း စံပယ်တော်မူသည့်ကာလ ရဿဝတီမြို့ကို ရောက်ချိန် အထက် အဇာတသတ်မင်း ချပေးသည့်အတိုင်း နယ်မြေအပိုင်းအခြားများကို ထပ်မံသနားတော်မူ၍ ရွှေထီး ရွှေနန်း အဆက်ဆက် အုပ်စိုးသမျှ အစည်ထုံးစံ မပျက်စာဟောင်း စာတမ်းနှင့် အညီ ပေးချသနားတော်မူ၍ စီရင်ရသည်။ (ဘုရားရှင်လက်ထက် အဇာတသတ်မင်းနှင့် နာမည်တူ ဖြစ်ဟန်တူသည်။ ပထမ သင်္ဂါယနာတင်မင်းဖြစ်သော အဇာတသတ်မင်းသည် မင်းစည်းစိမ် ၃၂ နှစ်ရှိသောအခါ သာသနာသက္ကရာဇ် ၂၄ ခုနှစ်တွင် သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ ကံကုန်လေသဖြင့် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ပြီ ဖြစ်သဖြင့် ထိုမင်း မဖြစ်နိုင်ချေ။ နာမည်တူမင်း ဖြစ်နိုင်သည်။)

သက္ကရာဇ် ၄၁၄ ခု၊ အရိမတ္တနာ ပုဂံပြည်ကို အစိုးရတော်မူသော အနော်ရထာမင်းစောလက်ထက်တော် ညောင်ရွှေမြို့အင်းသို့ ရေသဘင်နန်း စံတော်မူသည့်ကာလ ညောင်ရွှေမြို့နှင့် ရဿဝတီမြို့အချင်းချင်း စကားမသင့်မတင့် အငြင်းအခုံ အဝင်အထွက်ရှိကြသည့်အရာများကို စစ်ကြောထုတ်နုတ်တော်မူပြီး ရဿဝတီမြို့ကိုလည်း ညောင်ရွှေမြို့တွင် မင်းမှုတော်ရပ် ပေါ်ပေါက်မှုရှိလျှင် မချေမခေါ် အစည်းမဝေး မရောမရှုပ် မပေါင်းမဖက်စေနှင့် သီးခြားထမ်းရွက်စေ၊ နယ် လေးရပ်မှာလည်း အဇာတသတ်မင်း၊ ဒွတ္တပေါင်းမင်း ရွှေထီးရွှေနန်း အဆက်ဆက် ပေးသနားတော်မူသည့်အတိုင်း အုပ်ချုပ်စီရင်၍ ဘွားစားစေသည်။ ထိုသို့ အနော်ရထာမင်းစော လက်ထက်တွင် သီးခြား ဆောင်ရွက် ထမ်းရွက်ရသည်။ 

ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အနော်ရထာမင်းလက်ထက်အရောက်တွင် ညောင်ရွှေအောက်မှ သီးခြား ခွဲထုတ်လိုက်၍ မြို့အဆင့် တိုးမြှင့်လိုက်သည်ဟု ယူဆရသည်။

ရပ်စောက်သည် ရှေ့ပိုင်းကာလများတွင် မြို့စားက အခွန်အတုပ်များကို ကောက်ခံကာ စစ်ကြောင်းစီရင်ရသည်။ စစ်ရေး မင်းမှုတော်ဆောင်ရွက်ရန် ရှိသည်များမှာ ညောင်ရွှေမြို့တွင် အရပ်ရပ်မြို့စားတို့နည်းတူ ရဿဝတီမြို့ အမတ်ဆိုင်ဝတ်မိုင်းဆိုသူနှင့် အမတ်စာရေးတို့က ဆောင်ရွက်ရသည်ဟု ဖော်ပြထားသည်။ 

''ရပ်စောက် လေးကြိမ် ပျက်သုဉ်းခြင်း''

    ထိုသို့ ကောလီမင်းမှ အစပြု၍ အစဉ်အဆက် အုပ်စိုးခဲ့ကြသော မြို့စားများ၊ စော်ဘွားများ စာရင်းအတိအကျ ဖော်ပြထားခြင်းမရှိဘဲ တချို့မြို့စား၊ စော်ဘွားများ၏ နာမည်များကို မှတ်တမ်းတင်ထားသည်ကို ရပ်စောက်မြို့မဂ္ဂဇင်း၊ စာမျက်နှာ ၂၆ တွင် ပါဝင်သော ဆရာကြီးဦးစံထွန်းပိုင် ပုရပိုက်မူရင်းသတ်ပုံအတိုင်း ဖော်ပြထားသော ရပ်စောက်စစ်တမ်းအရ သိရသည်။ (လိုရင်းအကြောင်းအရာကိုသာ ထုတ်နုတ်ဖော်ပြပါမည်)

ရပ်စောက် ပထမအကြိမ် မြို့ပျက်ရခြင်း ဖြစ်စဉ်မှာ ၈၂၉ ခုတွင် သီပေါ နှင့် စစ်ခင်းရခြင်းကြောင့် ဖြစ်ပေသည်။ 

သက္ကရာဇ် ၈၂၉ ခုနှစ်တွင် သီပေါမြို့နှင့် ရပ်စောက်မြို့သည် မသင့်မတင့် ခိုက်ရန်ပွားများကြလျှင် သီပေါစော်ဘွားက အင်းဝသို့ စစ်ကူတောင်း၍ ဝန်းရံတိုက်ခိုက်ဖျက်ဆီးသောကြောင့် ရပ်စောက်မြို့ ကျေးရွာပျက်ပြား တောကြီး မျက်ရှည် ဆင်နေကျားအောင်း (မြို့ပျက်ခြင်း) သုံးနှစ်တိုင်တိုင် ပျက်စီးခြင်းအတိ ရောက်လေသည်။ သက္ကရာဇ် ၈၃၂ ခု ရောက်မှ မိုးညှင်းမင်းတရားသားတော် ဆင်ဖြူရှင် မင်းကျော်စွာ လက်ထက် မိုးနဲစော်ဘွားသား မောင်ထွန်းတင်ကို သနားတော်မူ၍ မြို့သစ်တည်သည်။



သက္ကရာဇ် ၈၃၂ ခုနှစ် တပေါင်းလဆန်း ၅ ရက်၊ ကြာသပတေးနေ့ နေတက် ၂ ခါအချိန်တွင် မောင်ထွန်းတင် ရပ်စောက်မြို့ကို မြို့သစ်တည်၍ စီရင်ဘွားစားခဲ့သည်။ ခမည်းတော်မိုးနဲ စော်ဘွားကြီးကလည်း မက်မုံပါကယ် နယ်မြေကျေးရွာကို လက်ဖွဲ့တော်မူခဲ့သည်။



''ဒုတိယအကြိမ် မြို့ပျက်ခြင်း''

ရပ်စောက် ဒုတိယအကြိမ် မြို့ပျက်ရခြင်းဖြစ်စဉ်မှာ မြို့စားခွန်စံလိတ် ဘထွေးတော် ခွန်ညို နှောင့်ယှက်ခြင်းကြောင့် မြို့ပျက်ရခြင်း ဖြစ်ပေသည်။

သက္ကရာဇ် ၁၁၅၂ ခုနှစ် မိုးနဲမြို့တွင် ၉ စော်ဘွား စုဝေးရာ ဝါဆိုလအတွင်း မြို့စား မောင်ရွှေရည် ကွယ်လွန်သည်။ သက္ကရာဇ် ၁၁၅၃ ခုနှစ် ကဆုန်လတွင် ကျမိုင်း မောင်ကြီး ညီနော် မိုင်းကြွက် အဘအရာကို ဘွားစားရသည်။ ထိုနှစ် ဝါဆိုလအတွင်း မြို့ရှေ့ ဟိုပင်တွင် ဘုရားတည်တော်မူသည်။ သက္ကရာဇ် ၁၁၅၄ ခုနှစ် ဝါဆိုလ မိုးနဲမြို့တွင် စော်ဘွားမြို့စားတို့ စည်းဝေးရာ မြို့စား မောင်ကြွက် ကွယ်လွန်သည်။ မောင်ကြွက်တွင် သားသမီးမရှိသဖြင့် အစ်ကိုမောင်ကြီးသား ခွန်စံလိတ် ကို သက္ကရာဇ် ၁၁၅၄ ခုနှစ် ဝါခေါင်လအတွင်း သနားတော်မူ၍ ခွန်စံလိတ် ဘွားစားအုပ်ချုပ်ရသည်။ ၎င်းလက်ထက် ဘထွေးတော် ခွန်ညို နှောင့်ယှက်သောကြောင့် မြို့ရွာမူးမတ် ဆင်းရဲသားတို့ မငြိမ်မဝပ်ရှိသည်နှင့် သက္ကရာဇ် ၁၁၆၃ ခု၊ ၁၁၆၄ ခုနှစ်တွင် ပျက်ပြား၍ ရပ်စောက်မြို့တွင် အိမ်ကြီး ခုနစ်အိမ်သာ ကြွင်းကျန်သည်။ လွယ်မယ်၊ ပါကယ်ကျေးရွာများလည်း မြို့အားနည်း၍ သီးခြားကွဲပြားသည်။ 

သက္ကရာဇ် ၁၁၆၅ ခုနှစ်တိုင်ရောက်မှ ရပ်စောက်မြို့ မှူးမျိုးမတ်မျိုး မှန်သူ ခမ်းဝတ်မိုင်းဆိုင်ကို နောင်လုံအုံကြောသို့ သွား၍ ပြုစုစေသည်။ မြို့တောင်တပြင်လည်း မြေတိုင်ကျော်သူ မြို့အရှေ့ မြေတိုင်ထွန်းဦး၊ ပေါမွန်းအောင်တို့ ရပ်ခံပြုစုသည်တွင်မှ လူဆိုးလူပျက်အနှောင့်အယှက်ငြိမ်၍ မြို့ရွာဖြစ်ပြန်သည်။ သက္ကရာဇ် ၁၁၇၃ ခုနှစ် တပို့တွဲလအတွင်း မြို့စား ခွန်စံလိတ် မိုးနဲမြို့တွင် ၉ စော်ဘွား စုဝေးရာ ကွယ်လွန်ခဲ့သည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်အတွင်း မြို့စား ခွန်စံလိတ် သား မြို့ရွာ ရိုးရာ ရှမ်း မနန်းထွေးက ဖွားမြင်သည့် သားမောင်ရွှေအိပ်၊ မြန်မာမ နန်းရွှေအိမ်က ဖွားမြင်သည့် သား မောင်အုန်းခိုင်တို့ နှစ်ဦးလုကြသည်နှင့် သက္ကရာဇ် ၁၁၇၄ ခုနှစ် ကဆုန်လမှ မောင်အုန်းခိုင်ကို အဘအရာ သနားတော်မူ၍ ရပ်စောက်မြို့ကို ဘွားစားရသည်။ သက္ကရာဇ် ၁၁၈၁ ခု မောင်အုန်းခိုင်ကို အဘအရာက နုတ်ပြီးလျှင် အစ်ကို မောင်ရွှေအိပ်ကို ၁၁၈၂ ခုနှစ်အတွင်း ရပ်စောက်မြို့စားအရာ အသနားတော်မြတ်ခံရ၍ ထိုနှစ် ဝါခေါင်လမြို့ရွာသို့ တက်ရောက်ဘွားစားရသည်။



''တတိယအကြိမ် မြို့ပျက်ခြင်း''



ရပ်စောက် တတိယအကြိမ် မြို့ပျက်ရခြင်းဖြစ်စဉ်မှာ ဓားမြသောင်းကျန်းခြင်းကြောင့် ဖြစ်ပေသည်။ တတိယအကြိမ်တွင် ပျက်စီးခြင်းမှာ ရှေ့နှစ်ကြိမ် ကလောက် မပြင်းထန်ဘဲ ရပ်စောက်မြောက်ပိုင်းကျေးရွာများ ပျက်စီးသွားဟန် ရှိသည်။

မောင်ရွှေအိပ် မြို့စားဖြစ်ပြီး ငါးနှစ်အကြာ သက္ကရာဇ် ၁၁၈၇ ခုနှစ် အိမ်ရှေ့ဘုရား စစ်ကိုင်းမင်း နန်းစံတော်မူသည့် လက်ထက် ရွှေတိဂုံ မုတ္တမတို့သို့ ကုလားစစ်ကြောင်း ရောက်လာသဖြင့် ရှမ်း ၉ စော်ဘွားတို့မှာ မဟာနေမျိုး ဗိုလ်ချုပ်လုပ်၍ ကုန်းကြောင်းက ချီတက်ဆီးဆို့ တိုက်ခိုက်ရသေးသည်။ ထိုတိုက်ပွဲတွင် မဟာနေမျိုး လက်နက်ထိ၍ သေဆုံးခဲ့သဖြင့် ရှမ်း ၉ စော်ဘွားတပ်တို့ တပ်ဆုတ်လာခဲ့ရသည်။ စစ်ရှုံးခြင်းကြောင့် လျော်ကြေးငွေတော် ခွဲစုကျပေးသွင်းရာ သုံးနှစ်အတွင်း သုံးကြိမ်တိုင်တိုင် စုစုပေါင်း ငွေတော် ၃၂၂ ချိန်ဆောင်ကို ပေးသွင်းဆက်သရသည်။

သက္ကရာဇ် ၁၂၁၂ ခုနှစ် ဝါခေါင်လ အတွင်း မိုးနဲမြို့တွင် ၉ မြို့ စော်ဘွားတို့ စုဝေးရာ မိုးနဲတွင် မြို့စားခွန်ရွှေအိပ် (မောင်ရွှေအိပ်) ကွယ်လွန်သည်။ ၎င်းနောက် မြို့အုပ်မြို့ကဲ ခန့်ထားသည်အတွင်း တပို့တွဲလဆန်း ၁၅ ရက်နေ့ မြို့မြောက် စီရင်စု ကျေးရွာတပြင်ကို ဓားမြလူဆိုးတို့ လူ ၂၀၀၀ ကျော်ဖြင့် တိုက်ခိုက်ဖျက်ဆီးမီးရှို့၍ မြို့ပြင်စျေးတန်းအရောက် ထိပါးလာသောကြောင့်၊ မြောက်ကျေးရွာပျက်ပြားရှိသည် သက္ကရာဇ် ၁၂၁၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက် နေ့ ညောင်ကိုင်း စကားပြန် မောင်ကြာကို ရပ်စောက်မြို့စားအရာ သနားတော်မြတ်ခံ၍ ဘွားစားရသည်။ သက္ကရာဇ် ၁၂၀၄ ခုနှစ်အတွင်း မြို့စားမောင်ကြာကို အရာက နှုတ်ပြီးလျှင် ပုဂံမင်းလက်ထက် ထိုနှစ် သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ တီကျစ်မောင်ပိုက်ကို ရပ်စောက်မြို့စားအရာ အသနားတော်မြတ်ခံ၍ ကြီးစိုး ဘွားစားရသည်။ 

သက္ကရာဇ် ၁၂၁၆ ခုနှစ် နတ်တော်လဆန်း ၅ ရက်နေ့၊ တီကျစ်မောင်ပိုက်ကို ရပ်စောက်မြို့စားအရာက နုတ်၍ မင်းတုန်းဘုရင် မင်းတရားကြီး လက်ထက် လဲချားကျမိုင်းကြီးကို ရပ်စောက်မြို့စားအရာ အသနားတော်မြတ်ခံ၍ ကြီးစိုးဘွားစားရသည်။ သက္ကရာဇ် ၁၂၁၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၅ ရက်နေ့ လဲချားကျမိုင်း စော်ဘွားကြီး ကွယ်လွန်သည်။ (ကျမိုင်းဆိုသည်မှာ စော်ဘွား အလောင်းအလျာ (အိမ်ရှေ့မင်း) အခေါ်အဝေါ် ဖြစ်ပေသည်။)

''စတုတ္ထအကြိမ် မြို့ပျက်ခြင်း''

ရပ်စောက် စတုတ္ထအကြိမ် မြို့ပျက်ရခြင်း ဖြစ်စဉ်မှာ နယ်ချဲ့ အင်္ဂလိပ်များ မြန်မာဘုရင် သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် စော်ဘွားဟောင်း စောဝိုင်း တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပေသည်။ 

သက္ကရာဇ် ၁၂၄၄ ခုနှစ် ဝါခေါင်လအတွင်း ဗိုလ်ဆိုင်ကို ရပ်စောက်မြို့ဝန်အရာ ခန့်ထားသည်။ နတ်တော်လအတွင်း ရပ်စောက်မြို့ တက်ရောက်ပြီးလျှင် ခန့်ခွဲစီရင်အုပ်ချုပ်ရသည်။

သက္ကရာဇ် ၁၂၄၆ ခုနှစ် ပထမဝါဆိုလအတွင်း ပင်းတယတောင်ရှည်၊ နောင်သခေါ၊ ပန်းစစ်၊ တပ်ကြီး၊ အုန်းတက်အင်း၊ ဝမ်းတပင်ပျော် ကျေးရွာများကို သိမ်းယူရရှိကာ ရပ်စောက်ကို အုပ်ချုပ်သည်။

ဗိုလ်ဆိုင်လည်း ထာဝရသားမြေးမဟုတ် (စော်ဘွားမျိုးရိုးမဟုတ်)၊ မြို့ဝန်မြို့အုပ်ဖြစ်သည်က တစ်ကြောင်း၊ မြို့ကျေးရွာများလည်း အတန်တန်ပျက်ပြားရှိ၍ မပြောမဆို ဖြစ်နေရသည့်အတွင်း သီပေါမင်းကို အိန္ဒိယတိုင်းကြီးပြည်ကြီးသခင် ဧကရာဇ်မင်းမြတ်က ဘုန်းလက်ရုံးတိုးမြှင့် ထွန်းပသိမ်းယူပါသွားသည့်နောက် အထက်ပါ ကျေးရွာများကို မခန့်မခွဲရဘဲ အုပ်ချုပ်မှုလစ်ဟင်းနေချိန်ကို အခွင့်ကောင်းယူ၍ စော်ဘွားဟောင်းစောဝိုင်းနှင့်အဖွဲ့များက ပုန်ကန်စီးနင်းကြခြင်းဖြစ်သည်။     စော်ဘွားဟောင်း စောဝိုင်း၊ မိုင်းပြင်းမြို့စားတို့သည် နောက်ပါအမှုထမ်းလူရုံလာ လူမျိုး ၃၀၀၀၊ ဘုံရှမ်းလူမျိုး ၂၀၀၀၊ နှစ်စုပေါင်း လူ ၅၀၀၀ ကျော်ဖြင့် ရပ်စောက်မြို့သို့ ဝင်လာလျှင် မြို့ကျေးရွာက သဘောမကျသဖြင့် အမတ်တို့ တိုင်ပင်ပြီးလျှင် လူသူလက်နက်အင်အားဖြင့် ခုခံရာ ခုနစ်လကျော် တိုက်ခိုက်ကြရာ စစ်မြေတလင်း ဖြစ်ကြရလေသည်။

 နောင်ကွန်တိုင်၊ ကုမ္မာကုန်းရွာ၊ ပန်းမန်းရွာ၊ ညောင်ကုန်းရွာ၊ လွယ်တော်ရွာ၊ နားကျင်းရွာ၊ ပင်လုံရွာ၊ သပြေရေရွာ၊ ပန်ကွေရွာ၊ မြေနီရွာ၊ လုံပျက်ရွာ၊ နန်ံပန်မုန်းရွာ၊ ပင်တိမ်ရွာ၊ မဲသင်္ဘောရွာ၊ ထွက်ပန်းရွာ၊ လေလံရွာ၊ နန့်ပေါရွာ၊ ဘောင်ကိုင်းရွာ၊ နန့်လိန်တိမ်းရွာ ရွာပေါင်း ၁၇ ရွာ၊ ဘုတ်အုံဇရပ်ကုန်းရွာ၊ မယ်ဇလီပင်ရွာ၊ လန်ကန်ရွာ၊ ကုန်းကြီးမြောက်ရွာ၊ ငါးကြောင်ရေဦးရွာ၊ သစ်ခံကုန်းရွာ၊ သရက်ပင်ရွာ၊ တောင်စက်ကြားရွာ၊ သဲပုန်ရွာ၊ ကန်တောင်ရွာ၊ ငါးကြောင်ရွာမ၊ ညောင်ကိုင်း၊ မြို့ဆိုးရွာ ပေါင်း ၁၈ ရွာ၊ သုံးတိုင်ရာပေါင်း ၄၂ ရွာတို့သည် ပျက်ပြား၍ လူနေအိမ်ခြေမရှိ တောကြီးမျက်ရှည် ဆင်နေကျားအောင်းရှိသည်။ ( မှတ်ချက် - ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ရာကျော် ပျက်စီးခဲ့သည်ဟု ယူဆရသည်။)

စော်ဘွား စောဝိုင်းကို မြို့ရွာက မခံမရပ်နိုင်ဘဲ မကျေမနပ် ဖြစ်ကြသည်။

သက္ကရာဇ် ၁၂၄၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် နေ့ညတွင် ခုခံကြသော်လည်း အမတ်တို့ ကွဲပြားကာ ထွက်ပြေးသဖြင့် လဆန်း ၉ ရက်နေ့တွင် ရပ်စောက်မြို့သို့ လူသူအင်အားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။ သီတင်းကျွတ် လပြည့်ကျော် ၄ ရက် နေ့ ညောင်ရွှေမြို့ကိုချီတက်တိုက်ခိုက်ရာ ငါးလအတွင်း နယ်နေလူတို့ (ဒေသခံများ) လိုက်ပါထမ်းရွက်ရ၍ နစ်နာပင်ပန်းရှိသောကြောင့် ကျေးရွာရုပ်လျောပျက်ပြားခဲ့ရသည်။ စော်ဘွားစောဝိုင်းသည် ညောင်ရွှေကို ချီတက် တိုက်ခိုက်သော်လည်း အောင်မြင်မှု မရှိဘဲ ဗြိတိသျှတပ်များ လာရောက်တိုက်ခိုက်ခြင်းကြောင့် ကျိုင်းတုံ၊ ကျိုင်းခိုင်၊ ကျိုင်းရုံးကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ အရေးပိုင်မင်း စစ်သည်တော်တို့နှင့် တကွ ရပ်စောက်မြို့ ဝင်ရောက်ပြီးလျှင် မြို့ဝန်ဟောင်း ဗိုလ်ဆိုင်ကို ခေတ္တမြို့အုပ်အရာ ခန့်ထားခဲ့သည်။ ဗိုလ်ဆိုင် ကိုးလ ခန့် မြို့အုပ်အရာနှင့် အုပ်ချုပ်စီရင်ပြီးနောက် တဘက်မြို့စား ခွန်နုကို ရပ်စောက်စော်ဘွားအဖြစ် ၁၈၈၇ ခု၊ အောက်တိုဘာလ ၆ ရက်တွင် ခန့်အပ်ခဲ့သည်။ သက္ကရာဇ် ၁၂၄၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်နေ့ အမိန့်တော်မှာစာ လက်ဝယ်ရရှိ၍ လဆန်း ၇ ရက်နေ့တိုင်လျှင် ယွန်းတော် ရှမ်းမောင်စာရေး လူပျိုတော်များဖြင့် ရပ်စောက်မြို့ရုံးသို့ အမိန့်စာတော် လာရောက်တင်ပြခဲ့သည်။ အိန္ဒိယဘုရင်ခံထံ အမိန့်တော်ခံယူပြီးလျှင် ပထမအရေးပိုင်မင်းကြီးက အမိန့်တော်စာပေးခန့်အပ်တော်မူခြင်း ဖြစ်သည်။

ရဿဝတီ မဂ္ဂဇင်း၊ စာမျက်နှာ ၄၀ တွင် ဖော်ပြထားသော စော်ဘွား စောဝိုင်း ညောင်ရွှေတိုက်ခိုက်ပုံအကြောင်းကို အငြိမ်းစား အကြီးတန်း သုတေသနမှူး ဒေါ်ကြန်ရေးသော “ရောက်စောက်” စာစု မှတ်တမ်း အနည်းငယ်ကို မူရင်းစာအတိုင်း (လိုရင်းအချက်ကို) ဖော်ပြပေးချင်ပါသည်။ 

ရပ်စောက်နယ်သည် မူလက ညောင်ရွှေနယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၁၇၈၈ ခုနှစ် သို့မဟုတ် ထိုထက်စောသောအချိန်က မြို့စား အုပ်ချုပ်ခံ သီးခြားနယ်တစ်ခု ဖြစ်လာသည်။ ၁၈၄၇ ခုနှစ်တွင် ရပ်စောက်မြို့စားသည် အရိုက်အရာဆက်ခံမည့်သူ၊ သားမြေးဆွေမျိုးရင်းချာမရှိဘဲ ကွယ်လွန်သဖြင့် ညောင်ရွှေစော်ဘွားသည် နေပြည်တော်တွင် လက်သိပ်ထိုးကြံစည်ခြင်းဖြင့် ရပ်စောက်နယ်ကို ရယူ၍ ညီဖြစ်သူ ခွန်ရွှေအား ကြီးစိုးအုပ်ချုပ်စေသည်။ ခွန်ရွှေသုံးနှစ် အုပ်ချုပ်ပြီးနောက် ကွယ်လွန်သွားသည်။

ထိုအခါ မြောင်းအိုင်မှ မောင်ရွှေကြာက မူလ ရပ်စောက်မြို့စား အဆက်အနွယ်အရိုး သားမြေးမှန်သည်ဟု ထွက်ဆိုသဖြင့် ရပ်စောက်ကို ညောင်ရွှေ ဘွားစားစုမှ ခွဲထုတ်၍ ကြီးစိုး အုပ်ချုပ်စေသည်။ မင်းတုန်းမင်း လက်ထက်တွင် မောင်ရွှေကြာကို မိုးနဲ စစ်ကဲ ခန့်ထား၍ မိုးနဲသို့ စေလွှတ်သည်။ ရပ်စောက်ကို တီကျစ်မြို့အုပ် မောင်ဝိုက် အား ကြီးစိုးစေသည်။ ၁၈၅၄ ခုနှစ်တွင် မင်းတုန်းမင်း သည် ရပ်စောက်ကို လဲချားစော်ဘွား သို့ ပေးသနားလိုက်သဖြင့် မောင်ဝိုက် သည် အင်းလေးရွာသို့ ထွက်ပြေး ခိုဝင်သည်။ လဲချားအမတ်များက ရပ်စောက် ကို ၁၈၆၃ ခုနှစ် လဲချားစော်ဘွား အနိစ္စ ရောက်သည်အထိ စီရင်အုပ်ချုပ်ကြသည်။



ထို့နောက် မန္တလေး နေပြည်တော်မှ ခန့်ထားစေလွှတ်သော မြို့အုပ်တစ်ယောက်က ရပ်စောက်ကို ၁၈၆၆ ခုနှစ်အထိ သုံးနှစ်ကြီးစိုးစီရင်သည်။ ထိုနှစ်တွင် ညောင်ရွှေစော်ဘွား၏ မြေးဖြစ်သူ စောဝိုင်းကို မင်းတုန်းမင်းက အမိန့်တော် စာချွန်ပေးအပ်၍ ရပ်စောက်စော်ဘွားခန့်သည်။ မိုးနဲစော်ဘွား ပုန်ကန်ထကြွ၍ နေပြည်တော်မှ ရဲမက်များ ချီတက်လာသောအခါ ရပ်စောက်စော်ဘွား စောဝိုင်းသည် မိုးနဲစော်ဘွားနှင့် အတူ ကျိုင်းတုံသို့ ထွက်ပြေးခိုဝင်သည်။ ထိုအခါ ညောင်ရွှေစော်ဘွား စောမောင်က ရပ်စောက်ကို တာဝန်ယူရသည်။ ညောင်ရွှေစော်ဘွားသည် ဦးကြီးဖြစ်သူ စဲပွင့်ကို ရပ်စောက်မြို့စားခန့်ထားစေလွှတ်ခဲ့ကာ တစ်နှစ်မျှသာ ကြီးစိုးအုပ်ချုပ် ရသည်။ နောက်ပိုင်းတွင် ရပ်စောက်ကို ညောင်ရွှေမှ အမတ်နှစ်ဦးက အုပ်ချုပ်သည်။ 

ညောင်ရွှေအမတ်နှစ်ဦးကို ၁၈၈၄ ခုနှစ်တွင် နောင်လုံဟိန် ငလင်းက တိုက်ထုတ်လိုက်ပြီးလျှင် မြို့အုပ်ဘွဲ့ကို ခံယူအုပ်ချုပ်ပြန်ရာ နောင်လုံဟိန် ငလင်း သည် ၁၈၈၆ ခုနှစ် ရပ်စောက်စော်ဘွားဟောင်း စောဝိုင်း ကျိုင်းတုံမှ လင်းပင်အဖွဲ့နှင့် ပြန်လာသည်အထိ မြို့အုပ်အဖြစ်တည်မြဲနေခဲ့သည်။

စောဝိုင်းသည် သူ၏ ဘွားစားစုကို ပြန်လည်ရရှိပြီးနောက် နှစ်ဝက်ခန့်အကြာတွင် ညောင်ရွှေသို့ ချီတက်တိုက်ခိုက်သည်။ လူထုစည်းရုံး၍ ညောင်ရွှေမြို့၊ ဗောရိသတ် အရှေ့မြောက် မိုင်အနည်းငယ်ခန့်အကွာတွင်ရှိသော (တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေအနီးရှိ) ကူကျိုး မွေတော်ကုန်းတွင် တပ်အခိုင်အမာစွဲရပ်၍ ညောင်ရွှေကို တိုက်ခိုက်သည်။ ဗြိတိသျှတပ်များက ကူကျိုးရှိ စောဝိုင်းတပ်များကို ၁၈၈၇ ဖေဖော်ဝါရီတွင် တိုက်ခိုက်ရာ စောဝိုင်းသည် လက်နက်မချဘဲ ကျိုင်းတုံသို့ ထွက်ပြေးခဲ့သည်။ ထိုမှတစ်ဆင့် ကျိုင်းရုံးကြီးရှိ မိုင်းဆယ်သို့ ခိုဝင်ကာ ဗြိတိသျှတို့အပေါ် ခါးခါးသီးသီး နာကြည်းသည့် ရန်သူကြီးဘဝနှင့်ပင် ၁၈၉၆ ခုနှစ်တွင် ကွယ်လွန်သွားသည်။

ဗြိတိသျှအစိုးရသည် ဗိုလ်ဆိုင်ကို ရပ်စောက်တွင် မြို့အုပ်အဖြစ် ကိုးလခန့်အုပ်ချုပ်စေပြီးနောက် အရိုးသားမြေးမှန်သော တဘက်မြို့စား ခွန်နုကို ရပ်စောက်စော်ဘွားအဖြစ် ၁၈၈၇ ခု အောက်တိုဘာလ ၆ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။

ခွန်နုသည် ဗြိတိသျှအစိုးရကို များစွာကူညီသူဖြစ်သည်။ တဘက်မြို့စားအဖြစ် ခဏတာမျှသာ ကြီးစိုးခဲ့ရသည်။ မင်းတုန်းမင်းလက်ထက် ၁၈၆၈ ခုနှစ်မှ စ၍ နေပြည်တော်တွင် နေထိုင်ရသည်။ ဗြိတိသျှတပ်များ ရှမ်းပြည်သို့ ချီတက်လာသောအခါ ခွန်နုသည် လမ်းပြနှင့် စကားပြန်အဖြစ် လိုက်ပါထမ်းရွက်သည်။ ထိုစဉ်က ခွန်နု၏ သား ခွန်ဆိပ်လည်း ဖခင်နှင့် အတူ ပါလာ၍ ဗြိတိသျှတပ်များကို များစွာကူညီသည်။ 

ရပ်စောက်စော်ဘွား ခွန်နုသည် ၁၉၀၀ ပြည့်နှစ်တွင် ကွယ်လွန်သောအခါ သားခွန်ဆိပ်က ဖခင်အရိုက်အရာကို ဆက်ခံသည်။ ခွန်ဆိပ်သည် အသွင်အပြင် အမူအရာပြေပြစ်သိမ်မွေ့ခြင်း မရှိသူဖြစ်သော်လည်း ရပ်စောက်နယ်အတွင်း လမ်းများဖောက်လုပ်၍ နယ်မြေပွင့်လင်းကောင်းမွန်အောင် ကြိုးစားမှုမှာ များစွာ စိတ်ကျေနပ်ဖွယ်ရှိသည်။ ဝေလမင်းသားနှင့် ကြင်ယာတော်မင်းသမီးတို့ မြန်မာပြည်သို့လာစဉ် ၁၉၀၆ ခုနှစ်က ရပ်စောက်စော်ဘွား ခွန်ဆိပ်သည် မင်းသား၊ မင်းသမီး တို့နှင့် တွေ့ဆုံရန် ဒါဘာမင်းပွဲသဘင်သို့ ဖိတ်ကြားခံရသည်။

ရပ်စောက်နယ်တွင် မူလက ညောင်ရွှေနယ်၏ တစ်စိတ်တစ်ဒေသဖြစ်သော မိုင်းပျဉ်းလည်းပါဝင်သည်။ မိုင်းပျဉ်းသည် ၁၈၃၈ ခုနှစ်တွင် သီးခြားမြို့စား အုပ်ချုပ်ရသောနယ် ဖြစ်လာသည်။ ထိုစဉ်က မြို့စားသည် ခွန်စဖြစ်သည်။ ၁၈၅၂ ခုနှစ်တွင် ခွန်စ ကွယ်လွန်သည်။ ၁၈၅၄ ခုနှစ်တွင် ရပ်စောက်နှင့် မိုင်းပျဉ်းတို့ကို ဘုရင်မင်းမြတ်က လဲချားစော်ဘွားသို့ ပေးသနားတော်မူကာ ၁၈၆၆ ခုနှစ် ရပ်စောက်ကို စောဝိုင်းသို့ လွှဲအပ်သောအခါ မိုင်းပျဉ်းကို စောဝိုင်း၏ဖခင် ခွန်ရွှေဝိုက်အား မြို့စားဘွဲ့နှင့် ပေးသနားသည်။ ရပ်စောက်ကို ခွန်နုအား ဗြိတိသျှအစိုးရက လွှဲအပ်သောအခါ မိုင်းပျဉ်းကိုပါ ပေးအပ်လိုက်သည်။

ရပ်စောက်နယ်တွင် အဖိုးတန် သစ်တောကြီးများရှိပြီး ဥရောပကုမ္ပဏီကြီးတစ်ခုက သစ်လုပ်ငန်းကို ချုပ်ကိုင်လုပ်ဆောင်သည်။ စော်ဘွားသည် ထိုအမြတ်စွန်းမှ ဝေစုရသည်။ ဤကား ကုန်းဘောင်ခေတ်နှောင်းနှင့် ဗြိတိသျှခေတ်ဦး ရပ်စောက်၏ သမိုင်းကြောင်း တစ်စေ့တစ်စောင်းကို အထောက်အထားများတွင် တွေ့ရသည့်အတိုင်း တင်ပြလိုက်ခြင်း ဖြစ်ပေသည်ဟု ဖော်ပြထားသည်။

အထက်ပါအတိုင်း ရဿဝတီ မဂ္ဂဇင်းတွင် ရေးသားထားသည်။

''ရပ်စောက် ထူးခြားချက်များ''

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ဆယ်မြို့နယ်အတွင်း ပါဝင်သော ရပ်စောက်မြို့နယ်သည် ထူးခြားချက်များစွာရှိသည်။ သူသည် ရှေးနှစ် ထောင်ပေါင်းများစွာကပင် မထင်မရှား တည်ရှိလာခဲ့ပြီး အကြိမ်ကြိမ်ပျက်စီး၊ အကြိမ်ကြိမ်တည်ဆောက်လာခဲ့ရလေသည်။

ထို့ပြင် မြန်မာနိုင်ငံဖြစ်ရန် စတင်ပေါ်ပေါက်လာသော ကျွန်းများတွင် ရပ်စောက်နယ်နေရာတွင်လည်း ကျွန်းတစ်ခုပေါ်ပေါက်လာကြောင်း၊ မြန်မာနိုင်ငံ၏ ဘူမိဗေဒ အခြေခံကို မြေပုံ ခြောက်ပုံဖြင့် ဖော်ပြထားကြောင်း၊ ရှေးနှစ်ပေါင်း သန်း ၅၀၀ ကျော်က ရပ်စောက်မြို့နယ်နှင့်ဆိုင်သော သမိုင်းအထောက်အထားတစ်ခု ပါဝင်ကြောင်း မန္တလေးတက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းသည် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်) သတင်းစာတွင် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ စတင်၍ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ဘူမိဗေဒအခြေခံစာစုတွင် ဖော်ပြချက်အရ သိရသည်။ 

ရပ်စောက်မြို့နယ်အနီးရှိ တောင်နီကျေးရွာအနီးတွင် လူရိုးတောင် (အရိုးတောင်) တစ်ခုလည်း ထူးခြားစွာတည်ရှိပြီး ရှေးယခင် နှစ်ပေါင်း လေးဆယ်နီးပါးခန့်က အမေရိကန်အဖွဲ့ ကွင်းဆင်းလေ့လာခဲ့ဖူးကြောင်း သိရသည်။ ဤအရိုးများသည် ကျောက်ခေတ်စားသောက်ပွဲတစ်ခုမှ စားကြွင်းစားကျန် အရိုးများဖြစ်နိုင်ကြောင်း အမေရိကန် ကွင်းဆင်းသူများက မှတ်ယူကြသည်။

ရှမ်းပြည်နယ်တွင် နရပတိစည်သူမင်း တည်ထားကိုးကွယ်သော စေတီတော် ၄၂ ဆူ အနက် ရပ်စောက်မြို့နယ်တွင် မွေတော်စေတီတော်နှစ်ဆူ တည်ထားကိုးကွယ်ထားရှိပါသည်။

ကုန်းဘောင်ခေတ် ကျောက်စာများတွင် မိုးနဲ၊ ညောင်ရွှေ၊ အုန်းပေါင် စသော ပြည်ကြီးတို့၏ တည်ရာ ကမ္ဘောဇတိုင်းဟူ၍ ရေးသားဖော်ပြကြသည်။



စာကိုး - ရဿဝတီ - ရပ်စောက်မြို့နယ် မဂ္ဂဇင်း



 

Most Read

Most Recent