■ Paid Post
တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဦးတည်ချက်ဖြင့် ၈ နှစ်ကြာ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အောင်မြင်ခဲ့သည်။ သတ်မှတ်ထားသောစံချိန်အရ ကျေးလက်နေပြည်သူပေါင်း ၉၈.၉၉ သန်းသည် ဆင်းရဲနိမ့်ကျသောဘဝမှ တစ်ဦးမကျန် လွတ်ကင်းလာခဲ့သောကြောင့် တရုတ်နိုင်ငံသည် လူနေမှုအဆင့်အတန်း အတော်အတန် မြင့်မားသော လူမှုအဖွဲ့အစည်းကို ထောင့်စုံဘက်စုံက တည်ထောင်နိုင်ခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ မြန်မာပြည်မှ မိတ်ဆွေများသည် -
“၁။ သတင်းစာထဲမှာ ရေးသားဖော်ပြထားတာက တကယ့်အဖြစ်မှန်နဲ့ ကိုက်ညီသလား”
“၂။ တရုတ်နိုင်ငံက ဘယ်လိုလုပ် ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သလဲ”
ဟူ၍ ကျွန်တော့်ကို မကြာခဏမေးပါသည်။ ပထမဦးဆုံးအနေနှင့် ကျွန်တော့် မွေးရပ်မြေရွာကလေး အကြောင်းကို သာဓကအနေဖြင့် မိတ်ဆက်ပေးပြီး မေးခွန်းနံပါတ်(၁) ကို ဖြေဆိုပေးပါမည်။
ကျွန်တော်တို့ရွာသည် ယူနန်ပြည်နယ် တာ့လီခရိုင်အတွင်း တောင်များဖြင့် ဝန်းရံလျက်ရှိသော ချိုင့်ဝှမ်းကလေး တစ်ခုတွင် တည်ရှိသည်။ တာ့လီဟူသောနေရာသည် မြန်မာရာဇဝင်ထဲ၌ အနော်ရထာ မင်းကြီးနှင့် အလောင်းစည်သူမင်းကြီးတို့က ဗုဒ္ဓစွယ်တော် ပင့်ဆောင်ရန် ရောက်ခဲ့ဖူးသော ရှေးခေတ် ဂန္ဓာလရာဇ်တိုင်း၏ မင်းနေပြည်တော် ဖြစ်ပါသည်။ ရွာထဲတွင် အိမ်ခြေ ၁၉၆ လုံး ရှိပြီး လူဦးရေ ၈၄၀ ရှိသည်။ တရုတ်ပြည်ရှိ ကျေးရွာများထဲ၌ ကျွန်တော်တို့ရွာ၏ ဖွံ့ဖြိုးမှုအဆင့်အတန်းသည် အလယ် အလတ်တွင် ရှိပြီး သာမန် တရုတ်ကျေးရွာများ၏ အခြေအနေကို ကိုယ်စားပြုနိုင်သည်။
အမှန်အတိုင်း ပြောရလျှင် ကျွန်တော်တို့ရွာမှ ရွာသူရွာသားတို့၏ စားဝတ်နေရေး အဆင်ပြေလာ သည်မှာ သိပ်မကြာသေးပါ။ ၁၉၈၀ ပြည့်နှစ် မတိုင်မီကာလက သီးနှံ အထွက်မကောင်းသောနှစ်များတွင် ရွာသူရွာသားတို့ ထမင်းပင် ဝအောင် မစားနိုင်ကြပေ။ ၁၉၈၀ ပြည့်နှစ်ရောက်မှ ဝမ်းဝအောင် စားနိုင်လာ ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရွာရှိကလေးများတွင်လည်း ကျောင်းမနေနိုင်သူများ၊ ရွာသားများ တွင်လည်း ဆေးရုံမသွားနိုင်သူများ များစွာ ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ နိုင်ငံတော်သည် လယ်သမားတို့ အကျိုးရရှိစေနိုင်သော ပေါ်လစီများကို ဆက်တိုက်ချမှတ်ကျင့်သုံးပြီးမှ ရွာသားများ၏ စားဝတ်နေရေး တဖြည်းဖြည်းကောင်းမွန်လာသည်။ သို့သော် အိမ်ထောင်စု ၁၁ စုသည် အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ နိမ့်ကျသည့်ဘဝမှ ရုန်းမထွက်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုတော့ ယင်းအိမ်ထောင်စု ၁၁ စုအနက် ၅ စုသည် ရောဂါဝေဒနာကြောင့်လည်းကောင်း၊ ကျန်အိမ်ထောင်စု ၆ စုသည် အလုပ်လုပ်နိုင်စွမ်းမရှိသော၊ ဥပဒေသတ်မှတ်ချက်အရ ကျွေးမွေးစောင့်ရှောက်မည့်သူ မရှိသောအိုမင်းမစွမ်းအိမ်ထောင်စုနှင့် မသန်စွမ်းအိမ်ထောင်စုများ ဖြစ်သောကြောင့်လည်းကောင်း ဆင်းရဲနိမ့်ကျသည့်ဘဝမှ ရုန်းမထွက်နိုင်ကြခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစီမံချက် စတင်လာသည်နှင့်အညီ နိုင်ငံတော် သည် ရောဂါဝေဒနာကြောင့် ဆင်းရဲနိမ့်ကျနေသောအိမ်ထောင်စု ၅ စုကို ဆေးဝါးကုသပေးခြင်း၊ အိမ်ဟောင်းပြုပြင်ပေးခြင်း သို့မဟုတ် အိမ်အသစ်ဆောက်ပေးခြင်း၊ အလုပ်အကိုင်စီစဉ်ပေးခြင်းတို့ဖြင့် အကူအညီပေးကာ ဆင်းရဲသောဘဝမှ လွတ်ကင်းအောင် ဆောင်ရွက်ပေးခဲ့သည်။ အလုပ်လုပ်နိုင်စွမ်း မရှိသော၊ ဥပဒေသတ်မှတ်ချက်အရ ကျွေးမွေးစောင့်ရှောက်မည့်သူ မရှိသောအိုမင်းမစွမ်းအိမ်ထောင်စုနှင့် မသန်စွမ်းအိမ်ထောင်စု ၆ စုအတွက် နေအိမ်ဆောက်လုပ်ပြုပြင်ပေးပြီး မိသားစုဝင်တစ်ဦးကို တစ်လလျှင် အခြေခံ စားဝတ်နေရေး တရုတ်ယွမ်ငွေ ၅၀၀ ခန့် ထောက်ပံ့ကြေးပေးခဲ့သည်။ ထို့ပြင် ရွာထဲမှ ကလေး အားလုံးသည် မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းကို အခမဲ့တက်နိုင်ရုံသာမက နိုင်ငံတော်သည် အာဟာရပြည့်ဝသောနေ့လယ်စာကို အခမဲ့ကျွေးသေးသည်။ ရွာသားများသည် ကျန်းမာရေးအာမခံကြေး အတွက် တစ်နှစ်လျှင် တရုတ်ယွမ်ငွေ ၃၀၀ ခန့် ပေးဆောင်ရပြီး ဆေးကုသရာတွင် ကျသင့်သော ကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရသည့်အတွက် ဆေးဝါးကုသမှုကုန်ကျစရိတ်လည်း လျော့နည်းလာသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ ရွာသူရွာသားအားလုံးသည် “စားရေးနှင့် ဝတ်ရေးအတွက် မပူပင်ရ၊ ပညာရေး၊ နေအိမ်နှင့် ကျန်းမာရေးတို့မှာ အာမခံချက် ရှိသည်”ဟူသော ဆင်းရဲမှုပပျောက်ရေးစံချိန်စံနှုန်းနှင့်အညီ နေထိုင်လာနိုင်ခဲ့သည်။
ယနေ့တွင် ကျွန်တော်တို့ရွာသည် တရုတ် အရှေ့ပိုင်းဒေသက ရွာများလောက် မချမ်းသာသော်လည်း အိမ်တိုင်းလိုလို တိုက်အိမ်များဆောက်ကြပြီး ကိုယ်ပိုင်ကားများ ရှိကြသည်။ ရွာအတွင်း ဘိလပ်မြေလမ်း များ ခင်းထားသဖြင့် ယခင်က နေသာလျှင် ဖုန်များထူထပ်၍ မိုးရွာလျှင် တစ်ကိုယ်လုံးတွင် ရွှံ့များဖြင့် ပေကျံနေသော အခြေအနေမျိုး မရှိတော့ပါ။ ရွာသူရွာသားများ၏ နေ့စဉ်ဘဝမှာ မြို့သူမြို့သားများနှင့် သိပ်မကွာပါ။ အိမ်တွင် ရေချိုးခန်း၊ သန့်စင်ခန်းများရှိကြပြီး ရေခဲသေတ္တာ၊ အဝတ်လျှော်စက်စသော လျှပ်စစ်ပစ္စည်းများလည်း အစုံရှိသည်။ ရွာတွင် သန့်ရှင်းရေးလုပ်သား သီးသန့်ခန့်ထားပြီး ရွာသားတို့၏ အမှိုက်များကိုလည်း အမှိုက် သိမ်းဆည်းသည့် စက်ရုံသို့ ပို့သည်။ တာ့လီခရိုင်တွင် အင်းလေးကန်ကဲ့သို့ သာယာလှပသော အယ်ဟိုင်(Erhai) အမည်ရှိ ရေကန်တစ်ခု ရှိသည်။ အယ်ဟိုင်ကန်ကို ထိန်းသိမ်း ကာကွယ်ရန် အစိုးရသည် မြစ်ဝှမ်းတစ်လျှောက်ရှိ ရွာများအတွက် ရေဆိုးပိုက်လိုင်းများ သွယ်တန်း ပေးသည်။ အိမ်တိုင်း၏ ရေဆိုးရေညစ်များကို ထိုပိုက်လိုင်းမှတစ်ဆင့် ရေဆိုးစက်ရုံသို့ စွန့်ထုတ်သည်။ သဘာဝသစ်တောများ ထိန်းသိမ်းရန်၊ သစ်တောမီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန် ရွာတွင် သစ်တောထိန်းသိမ်းရေးအသင်း ဖွဲ့စည်းထားသည်။ နိုင်ငံတော်က ကူညီပေးပြီး ရွာသူရွာသားတို့ကလည်း အတူတကွ ကြိုးစားသည့်အတွက် ကျွန်တော်တို့ရွာသည် ယခုအခါ ပတ်ဝန်းကျင်သန့်ရှင်းပြီး ငြိမ်းချမ်း သာယာသည့် နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။
ကျွန်တော်တို့ရွာသည် ထမင်းကိုသာ ဝအောင် စားနိုင်သောအခြေအနေ (၁၉၈၀ ပြည့်နှစ်)မှ လူနေမှု အဆင့်အတန်း အတော်အတန်မြင့်မားလာခဲ့သည့် (၂၀၂၀ ပြည့်နှစ်)အထိ နှစ်ပေါင်း ၄၀ ကြာခဲ့သည်။ နှစ် ၄၀ အတွင်း ကျွန်တော်တို့ရွာသည် အဘယ်ကြောင့် ဤသို့ အကြီးအကျယ်ပြောင်းလဲခဲ့သနည်း။ တရုတ်နိုင်ငံ သည် အဘယ်ကြောင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို အောင်မြင်ခဲ့သနည်း။ ယခု ဆက်လက်၍ ၁၉၄၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးခရီးကို မိတ်ဆက်ပေးခြင်းဖြင့် ဤမေးခွန်းများကို ဖြေဆိုပေးမည်။
■ ၁။ စက်မှုလုပ်ငန်းတိုးတက်လာအောင် စိုက်ပျိုးရေးဖြင့် အထောက်အကူပြုခြင်း (၁၉၄၉ - ၂၀၀၄)
၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးနောက် ပြည်တွင်းပြည်ပ အခြေအနေပေါ် မူတည်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် စက်မှုလုပ်ငန်းကို ထောက်ကူသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခါစတွင် စက်မှုလုပ်ငန်းအခြေခံအုတ်မြစ် အလွန်အားနည်း သည်။ ဥက္ကဋ္ဌကြီးမော်စီတုန်း၏ စကားဖြင့် ပြောလျှင် ထိုခေတ်က တရုတ်နိုင်ငံသည် နေ့စဉ်သုံးပစ္စည်း အချို့မှလွဲ၍ ကားတစ်စီး၊ လေယာဉ်တစ်စီး၊ တင့်ကားတစ်စီး၊ ထွန်စက်တစ်စီးပင်လျှင် မထုတ်လုပ် နိုင်ပေ။ ၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယားစစ်ပွဲ ဖြစ်ပွားလာ၍ တရုတ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိသည်။ ဤအခြေအနေမျိုးတွင် တိုင်းပြည်လုံခြုံရေးကို ကာကွယ်နိုင်သော၊ အခြားနိုင်ငံများကို အားမကိုး ဘဲ လွတ်လပ်စွာ ရပ်တည်နိုင်သော စက်မှုနိုင်ငံကို တည်ထောင်ရန် တရုတ်ခေါင်းဆောင်တို့၏ဆန္ဒ ပို၍ ပြင်းပြလာသည်။ စက်မှုနိုင်ငံကို လျင်မြန်စွာ တည်ထောင်နိုင်ရန်အလို့ငှာ တရုတ်နိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် စက်မှုလုပ်ငန်းကို ထောက်ကူသော ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ရွေးချယ်ကျင့်သုံး ခဲ့သည်။
လယ်သမားထုကြီး၏ ကိုယ်ကျိုးစွန့်အားပေးထောက်ခံမှုကြောင့် ၁၉၇၈ ခုနှစ် ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ဝါဒ မကျင့်သုံးမီ တရုတ်နိုင်ငံသည် လွပ်လပ်စွာ ရပ်တည်နိုင်ပြီး အသင့်အတင့် ပြည့်စုံသော စက်မှုစနစ် (industrial system)ကို ထူထောင်ထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး လွတ်လပ်မှုနှင့် လုံခြုံရေးကို ကာကွယ်ပေးနိုင်သည့်အပြင် တံခါးဖွင့်ဝါဒ ကျင့်သုံးပြီး တရုတ်နိုင်ငံ၏ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက်လည်း စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ် ကို ခိုင်မာစွာချပေးနိုင်ခဲ့သည်။
သို့သော် ၁၉၈၀ ပြည့်နှစ်မတိုင်မီကာလ၌ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် လူအများ စုပေါင်းလုပ်ကိုင်ခြင်းနှင့် အကျိုးအမြတ်ကို ညီတူညီမျှ ခွဲဝေခံစားခြင်းစနစ်ကို ကျင့်သုံးသည်။ အလုပ်လုပ်ရသည်မှာ နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နှစ်ကုန်တွင် ခွဲဝေရရှိသော အကျိုးအမြတ်ခံစားခွင့်မှာ အတူတူလောက်ပင် ဖြစ်သည်။ သို့ဖြစ်၍ လယ်သမားတို့သည် ထထကြွကြွ ကြိုးစားချင်စိတ် မရှိကြတော့ပေ။ သီးနှံအထွက်မကောင်းသော နှစ်များတွင် ထမင်းပင် ဝအောင် မစားနိုင်ကြပေ။
၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် နိုင်ငံတော်သည် စိုက်ပျိုးရေးဆိုင်ရာမူဝါဒများကို စတင်ပြုပြင် ခဲ့သည်။ ၁၉၇၉ ခုနှစ်မှစ၍ လယ်သမားများထံမှ စားနပ်ရိက္ခာ ဝယ်ယူသည့် ဈေးနှုန်းကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်ပေးပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသော လယ်ယာသုံးပစ္စည်းများ၏ ဈေးနှုန်းကို လျှော့ချပေးခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် လယ်ယာမြေခွဲဝေစိုက်ပျိုးခြင်းစနစ်ကို စတင်ကျင့်သုံးသည်။ ထို့နောက် လယ်သမားတို့က တက်တက်ကြွကြွလုပ်ကိုင်လာသည်ကတစ်ကြောင်း၊ သမဝါယမခေတ်က ဆည်မြောင်းတာတမံများကို စနစ်တကျတည်ဆောက်ထားသည်ကတစ်ကြောင်း သီးနှံထွက်နှုန်း သိသာ ထင်ရှားစွာ တိုးတက်လာပြီး လယ်သမားတို့၏ စားဝတ်နေရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင် ခဲ့သည်။ ထို့ပြင် ကျေးရွာများတွင် အသေးစားစက်မှုလုပ်ငန်းများလည်း မှိုလိုပေါက်လာသဖြင့် လယ်သမား တို့၏ ဝင်ငွေတိုးပွားလာပြီး မြို့ပြနှင့် ကျေးလက်ပြည်သူတို့၏ ဝင်ငွေမှာ တစ်နှစ်ထက်တစ်နှစ် ကွာဟမှု လျော့နည်းလာခဲ့သည်။
သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များတွင် နိုင်ငံတော်သည် မြို့ပြများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထားပြီး ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှု များ လျော့နည်းလာပြီး လယ်သမားတို့၏ ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာခဲ့သည်။ ကျေးလက်ဒေသမှ ကလေးများ ကျောင်းမနေနိုင်၊ ရွာသူရွာသားများ ဆေးရုံမသွားနိုင်သည်မှာ မနည်းလှပေ။ မြို့ပြနှင့် ကျေးလက်ကွာဟမှု တစ်နေ့တခြား ကြီးမားလာသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသမှ ကျေးရွာများသည် များသောအားဖြင့် တစ်နေ့ထက်တစ်နေ့ ဆင်းရဲနွမ်းပါးလာသည်။ လယ်သမားတို့၏ ဘဝမှာ အခက်အခဲနှင့် ကြုံတွေ့နေရသည်။
■၂။ စက်မှုလုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်အကျိုးပြုခြင်းနှင့် မြို့ပြက ကျေးလက်ကို ထောက်ကူခြင်း (၂၀၀၄ မှ ယနေ့အထိ)
၂၁ ရာစုရောက်တော့ တရုတ်နိုင်ငံ၏ စီးပွားရေး လျင်မြန်စွာ တိုးတက်လာသည်နှင့်အညီ နိုင်ငံတော် ၏ ဘဏ္ဍာရေးအင်အားလည်း တောင့်တင်းလာသည်။ နိုင်ငံတော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု နောက်ကျပြီး လယ်သမားများ၏ဘဝ ခက်ခဲနေသော ပြဿနာကို စတင်အလေးထားကိုင်တွယ် ဖြေရှင်းသည်။ “စက်မှုလုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်အကျိုးပြုခြင်းနဲ့ မြို့ပြဒေသက ကျေးလက်ဒေသကို ထောက်ကူခြင်းပေါ်လစီကို ကျင့်သုံးရမယ်။ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မြို့ပြဒေသနဲ့ ကျေးလက်ဒေသတို့ လက်တွဲပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားရမယ်” ဟု ၂၀၀၄ ခုနှစ်တွင် သမ္မတဟူကြင်ထောင်းက မိန့်ကြားခဲ့သည်။
စိုက်ပျိုးရေးအခြေခံ ခိုင်မာစေပြီး နိုင်ငံ့စားနပ်ရိက္ခာလုံခြုံရေးရှိစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်စေပြီး လယ်သမားတို့၏ဝင်ငွေ တိုးပွားစေရန် ၂၀၀၄ ခုနှစ်မှစ၍ နိုင်ငံတော်သည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကြေးအမျိုးမျိုးကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပေးသည်။ ဥပမာ သီးနှံ စိုက်ပျိုးခြင်းထောက်ပံ့ကြေး၊ မြေဆီလွှာထက်သန်စေရေးထောက်ပံ့ကြေး၊ လယ်ယာသုံးစက်ယန္တရား ထောက်ပံ့ကြေး၊ မြက်ခင်းလွင်ပြင်ထိန်းသိမ်းရေးထောက်ပံ့ကြေး စသည်တို့ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်သည် လယ်ယာမြေခွန်ကို ဖျက်သိမ်းလိုက်သဖြင့် တရုတ်သမိုင်းတွင် နှစ်ပေါင်း ၂၆၀၀ ကျော် တည်ရှိခဲ့ဖူးသော လယ်ယာမြေခွန်စနစ်သည် နိဂုံးချုပ်သွားခဲ့သည်။ ယင်းနှစ်မှာပင် အနောက်ပိုင်း ကျေးလက်ဒေသမှ ကျောင်းသူကျောင်းသားတို့သည် မသင်မနေရပညာရေး ဖြစ်သည့် မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်းကို ကျောင်းလခနှင့် စာအုပ်ဖိုးပေးရန် မလိုဘဲ အခမဲ့ကျောင်းတက်နိုင်သည်။ ၂၀၀၇ ခုနှစ်တွင် အလယ်ပိုင်းနှင့် အရှေ့ပိုင်းကျေးလက်ဒေသမှ ကျောင်းသူကျောင်းသားတို့ကလည်း အခမဲ့ကျောင်းတက်နိုင်သည်။ ၂၀၀၈ ခုနှစ်တွင် မြို့ပြဒေသ အပါအဝင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ကလေးတို့သည် မသင်မနေရပညာရေးကို အခမဲ့သင်ကြားနိုင်သည့်အပြင် နိုင်ငံတော်သည် ဆင်းရဲသော အိမ်ထောင်စုမှ ကလေးများကို စားဝတ်နေရေးထောက်ပံ့ကြေးပေးသည်။ ၂၀၀၉ ခုနှစ်တွင် ကျေးလက် ဒေသကျန်းမာရေးအာမခံစနစ်ကို တစ်နိုင်ငံလုံးတွင် စတင်ကျင့်သုံးပြီး လယ်သမားတို့၏ ဆေးဝါးကုသမှု ဆိုင်ရာဝန်ထုပ်ဝန်ပိုး တော်တော်လျော့နည်းလာသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျေးလက်ဒေသ သက်ကြီး ရွယ်အို အာမခံစနစ်ကို စတင်ကျင့်သုံးပြီး အသက် ၆၀ ပြည့် လူကြီးတို့သည် တစ်လတစ်ခါ ထောက်ပံ့ငွေ ထုတ်ယူနိုင်ကြသည်။ ၂၀၁၁ ခုနှစ်တွင် ကျေးလက်ဒေသ ကျောင်းသူကျောင်းသားတို့၏ ကျန်းမာရေး အခြေအနေ ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်သည် အာဟာရပြည့်ဝစေရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်ကာ ကျောင်းဖွင့်ရက်များတွင် ကလေးများအား အာဟာရပြည့်ဝသော နေ့လယ် စာကို အခမဲ့ကျွေးသည်။
အဆိုပါ လယ်သမားတို့ အကျိုးရရှိစေနိုင်သော ပေါ်လစီများကို ဆက်လက် ချမှတ်ကျင့်သုံးလာခြင်း၊ လယ်သမားအချို့က မြို့သို့တက်ကာ အလုပ်လုပ်ကြသည့်အတွက် လုပ်ခလစာ ရရှိနိုင်ခြင်းတို့ကြောင့် လယ်သမားအများစု၏ လူနေမှုအဆင့်အတန်းမှာ အတော်အတန်မြင့်မားလာခဲ့သည်။ သို့သော်လည်း ဒေသအချို့၊ အိမ်ထောင်စုအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် လူနေမှုဘဝ ဆင်းရဲနိမ့်ကျနေသေး သည်။
■ ၃။ ဆင်းရဲသောဘဝမှ လွတ်ကင်းလာ၍ လူနေမှုအဆင့်အတန်းအတော်အတန်မြင့်မားလာသော လူမှုအဖွဲ့အစည်းကို ထောင့်စုံဘက်စုံက တည်ထောင်ခြင်း (၂၀၁၂-၂၀၂၀)
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် “တရုတ်ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုပပျောက်ရေးစီမံကိန်း”ကို ရေးဆွဲချမှတ်သည့်အခါ ၂၀၁၀ ပြည့်နှစ် ငွေကြေးဝယ်အား(constant price)အရ မိသားစုဝင် တစ်ဦးလျှင် တစ်နှစ်တာ ပျမ်းမျှအသားတင်ဝင်ငွေ ယွမ် ၂၃၀၀ ထက် နည်းသော အိမ်ထောင်စုကို ဆင်းရဲသော အိမ်ထောင်စုအဖြစ် သတ်မှတ်ရာ တရုတ်နိုင်ငံ၏ ဆင်းရဲသားလူဦးရေမှာ ၉၈.၉၉ သန်း ရှိသည်။ ၂၀၂၀ ပြည့်နှစ်ရောက်လျှင် ကျေးလက်ဒေသဆင်းရဲသားများ၏ ပျမ်းမျှအသားတင်ဝင်ငွေသည် နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံနှုန်းထက် ပိုမိုမြင့်မားရန်၊ ဆင်းရဲသားတို့ကို စားရေးနှင့် ဝတ်ရေးဟူသော “အချက်နှစ်ချက်”အတွက် ပူပင်မှု မရှိစေရန်၊ ပညာရေး၊ နေအိမ်နှင့် ကျန်းမာရေးဟူသော “အချက်သုံးချက်” အတွက် အာမခံချက်ရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု စီမံကိန်းချ သတ်မှတ်ထားသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို “နှစ်ခုအတွက် မပူပင်စေရေး၊ သုံးခုအတွက် အာမခံချက် ရှိစေရေး” ဟူ၍လည်း ခေါ်ဝေါ်သမုတ်သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံ၌ “၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် လက်ရှိစံချိန်စံနှုန်းအရ ဆင်းရဲနိမ့်ကျနေသော ကျေးလက်နေ ပြည်သူအားလုံးကို ဆင်းရဲသောဘဝမှ လွတ်ကင်းစေရန်”နှင့် “၂၀၂၁ ခုနှစ်တွင် ပါတီတည်ထောင်ခြင်း နှစ်တစ်ရာပြည့်သော အခါသမယတွင် လူနေမှုအဆင့်အတန်း အတော်အတန်မြင့်မားလာသော လူမှုအဖွဲ့ အစည်းကို ထောင့်စုံဘက်စုံက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရန်” သန္နိဋ္ဌာန်ဖြင့် “ဆင်းရဲတဲ့ ဒေသတစ်ခုမကျန်၊ ဆင်းရဲတဲ့ ရွာမိရွာဖ တစ်ဦးမကျန် သက်သာချောင်ချိလာအောင် ကြိုးစားရမယ်”ဟု သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို အောင်မြင်ရန် ပထမဦးဆုံးအနေနှင့် တရုတ်နိုင်ငံသည် ဆင်းရဲသားအရေအတွက်၊ ဆင်းရဲသည့်အကြောင်းရင်း၊ လိုအပ်သောကူညီမှုတို့ကို တစ်အိမ်တက်ဆင်း အတိအကျ စစ်ဆေးမေးမြန်းပြီး စစ်တမ်းကောက်သည်။ ဆင်းရဲသော အိမ်ထောင်စုအဖြစ် သတ်မှတ် ရာတွင် မိသားစု၏ ဝင်ငွေအခြေအနေကို အခြေခံ၍ နေအိမ်အခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ ငွေကြေးအခက်အခဲကြောင့် ကလေးများ ကျောင်းထွက်ရခြင်းရှိ၊မရှိ စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားသည်။ ဆင်းရဲသောအိမ်ထောင်စုတိုင်း၏ သတင်းအချက်အလက်များကို နိုင်ငံတော်ဆင်းရဲနွမ်းပါး မှုပပျောက်ရေးဝက်ဘ်ဆိုက်တွင် စာရင်းသွင်းသည်။ အိမ်ထောင်စုများ၏ ဆင်းရဲရသည့် အကြောင်း များကို နိုင်ငံတော်က အတိအကျစာရင်းကောက်ယူထားပြီး လိုအပ်ချက်များကို ကူညီဖြည့်စွက်ပေး ခြင်းသည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် သန္နိဋ္ဌာန်ချမှတ်ပြီး တာဝန်ခံဦးဆောင်သူများမှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာ ဟူသော အုပ်ချုပ်ရေးငါးဆင့်၏ ရာထူးအမြင့်ဆုံး ခေါင်းဆောင် များဖြစ်သည့် ပါတီအတွင်းရေးမှူးများ ဖြစ်သည်။ နိုင်ငံတော်သည် ထူးချွန်သော အစိုးရဝန်ထမ်းများကို ရွေးချယ်စေလွှတ်၍ ကျေးရွာများတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို အခြေစိုက်ဆောင်ရွက် သည်။ ဆင်းရဲသည့် ကျေးရွာတိုင်းတွင် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကို အခြေစိုက်ဆောင်ရွက်သည့် အသင်းရှိပြီး ဆင်းရဲသော အိမ်ထောင်စုတိုင်းကို တာဝန်ယူကူညီပေးသူ ရှိသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်နှစ်ကုန်ပိုင်းအထိ နိုင်ငံတော်က ကျေးရွာအခြေစိုက်အသင်းပေါင်း ၂၅၀၀၀၀ ကျော်နှင့် ကျေးရွာ အခြေစိုက်အစိုးရဝန်ထမ်းပေါင်း ၃ သန်းကျော်ကို ရွေးချယ်စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ဒေသခံဝန်ထမ်း များနှင့်အတူ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်း၏ ရှေးတန်းစစ်မျက်နှာတွင် ကြိုးစားကြသည်။ ထို့ပြင် ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက်များတွင် စည်းမျဉ်းစည်းကမ်းနှင့် တရားဥပဒေဖောက်ဖျက်မှုများ ကိုလည်း ထိထိရောက်ရောက် အရေးယူသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့်ပတ်သက်သော အဂတိလိုက်စားမှုနှင့် လုပ်ထုံးလုပ်နည်း မမှန်ကန်မှု ၃၃၀၀၀၀ ကျော်ကို နိုင်ငံတော်ကြီးကြပ်စစ်ဆေးရေးဌာနက စစ်ဆေးအရေးယူခဲ့သည်။ အစိုးရဝန်ထမ်းပေါင်း ၄၆၀၀၀၀ ကျော်ကို ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အရေးယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဒေသအခြေအနေနှင့် ဆင်းရဲသည့် အကြောင်းရင်းအရ ကူညီပေးသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ အဓိကနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
■ (က) လုပ်ငန်းများ တည်ထောင်ပေးပြီး အလုပ်အကိုင် ဖန်တီးပေးခြင်း။
ဆင်းရဲသော ဒေသများ၏ အခြေအနေနှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများကို တည်ထောင်ရန် ကူညီပေးပြီး ဆင်းရဲသားတို့သည် ဇာတိရပ်ရွာတွင် အလုပ်လုပ်နိုင်သည်။ ဥပမာ နိုင်ငံတော်က အခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်ပေးသောကြောင့် အရှေ့ပိုင်းဒေသမှ စားကုန်သောက်ကုန်လုပ်ငန်း၊ အထည် အလိပ်လုပ်ငန်း စသော လုပ်သားများစွာ အသုံးပြုရသည့် လုပ်ငန်းများသည် ဆင်းရဲသောဒေသသို့ ရွှေပြောင်းလာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြသည်။ ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စံချိန်စံညွှန်းနှင့်ကိုက်ညီသောဒေသတွင် အစိုးရက ဓာတ်အားပေးစက်ရုံ တည်ဆောက် ပေးပြီး ပိုင်ဆိုင်ခွင့်ကို ကျေးရွာအား လွှဲပြောင်းပေးသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် ကျေးရွာပေါင်း ၁၀၀၀၀၀ ကျော်တွင် ဆိုလာဓာတ်အားပေးစက်ရုံများကို တည်ဆောက်ထားပြီး နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ယွမ် ၂၀၀၀၀၀ ခန့် ရရှိခဲ့သည်။ ဝင်ငွေများကို ကျေးရွာပရဟိတလုပ်ငန်းတွင် အသုံးပြုသည်။
■ (ခ) နေရပ်ရွှေ့ပြောင်းပေးခြင်း။
သဘာဝပတ်ဝန်းကျင်ဆိုးဝါးပြီး သဘာဝဘေးအန္တရာယ် များပြားသော ဒေသတွင် နေထိုင်သော ကျေးလက်ပြည်သူပေါင်း ၉၆၀၀၀၀၀ ကျော်သည် မူလနေရပ်ဒေသတွင် ဆက်လက်နေထိုင်ပါက ဆင်းရဲတွင်းမှ လွတ်ကင်းရန် အင်မတန်ခက်ခဲသဖြင့် နေရပ်ရွှေ့ပြောင်းပေးခဲ့သည်။ အိမ်ရာစီမံကိန်းများ ပြုလုပ်၍ နေရာချထားပေးခဲ့သည်။ နေရာချပေးထားသော ဇုန်များတွင် နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်တို့ကို တည်ဆောက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန် စီးပွားရေးဇုန်များလည်း တည်ထောင်ပေးသည်။ ၂၀၂၀ ပြည့်နှစ်နှစ်ကုန်အထိ နိုင်ငံတော်သည် နေရာချပေးဇုန်ပေါင်း ၃၅၀၀၀၀ နှင့် တိုက်အိမ်ပေါင်း ၂၆၆၀၀၀၀ ကျော် တည်ဆောက်ထား၍ နေရပ်ရွှေ့ပြောင်းသူ ၉၆၀၀၀၀၀ ကျော်တို့သည် အားလုံးဝင်ရောက်နေထိုင်ကြသည်။ အသစ်တည်ဆောက်ထားသော သို့မဟုတ် ပြုပြင်ချဲ့ထွင်ဆောက် လုပ်ထားသော အခြေခံပညာရေးကျောင်းနှင့် မူကြိုကျောင်းပေါင်း ၆၁၀၀ ကျော်၊ ဆေးရုံနှင့် ရပ်ကွက် ဆေးပေးခန်းပေါင်း ၁၂၀၀၀ ကျော်၊ ဘိုးဘွားရိပ်သာမှာ ၃၄၀၀ ကျော်၊ စာကြည့်တိုက်နှင့် အားကစားကွင်း မှာ ၄၀၀၀၀ ကျော်ရှိသည်။ အလုပ်လုပ်နိုင်စွမ်းရှိသော နေရပ်ရွှေ့ပြောင်းသူ အိမ်ထောင်စုများမှာ ၉၄.၁ ရာခိုင်နှုန်းသည် အလုပ်အကိုင် ရရှိခဲ့သည်။
■ (ဂ) ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက်ခြင်း။
ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေကို အသုံးပြု၍ ဂေဟပတ်ဝန်းကျင် ထိခိုက်လွယ်သော ဒေသများမှ အလုပ်လုပ်နိုင်စွမ်းရှိသော ဆင်းရဲသားများကို သစ်တောထိန်းသိမ်းရေးဝန်ထမ်းအဖြစ် ခန့်ထားသည်။ ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်သည် ဆင်းရဲသားပေါင်း ၁၁၀၀၀၀၀ ကျော်ကို သစ်တော ထိန်းသိမ်းရေးဝန်ထမ်းအဖြစ် ခန့်ထားပြီး သစ်ပင်နှင့် မြက်ပင်စိုက်ပျိုးခြင်း သမဝါယမအသင်းပေါင်း ၂၃၀၀၀ ကျော် ဖွဲ့စည်းတည်ထောင်ထားသည်။ ဆင်းရဲသားများသည် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း၊ သစ်တောနှင့် မြက်ခင်းလွင်ပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင်သည့်အပြင် သစ်ကြားသီးပင်၊ လက်ဖက် စသော စီးပွားဖြစ်သစ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ထို့ကြောင့် ဝင်ငွေ တိုးပွားလာရုံသာမက ဆင်းရဲသောဒေသများ၏ သဘာဝပတ်ဝန်းကျင်လည်း ကောင်းမွန်လာသည်။
■ (ဃ) မိဘကဲ့သို့ မဆင်းရဲစေရန် ဆင်းရဲသောအိမ်ထောင်စုမှ သားသမီးများကို ပညာရေးအကူအညီ ပေးခြင်း။
ဆင်းရဲသောအိမ်ထောင်စုမှ ကျောင်းသူကျောင်းသားများကို အထက်တန်းကျောင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရေး အခမဲ့သင်ယူခွင့် ပေးသည်။ နိုင်ငံတော်၏ အကူအညီဖြင့် ကျောင်းသူကျောင်းသား ပေါင်း ၈၀၀၀၀၀၀ ကျော်သည် အသက်မွေးဝမ်းကျောင်းပညာရေးကို သင်ယူခဲ့သည်။ ၅၀၀၀၀၀၀ ကျော်သည် တက္ကသိုလ်ပညာ သင်ယူခဲ့သည်။ ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးနိုင်ပြီး အထက်တန်း လွှာသို့ ရောက်ရှိစေနိုင်ရန် တရုတ်ထိပ်တန်းတက္ကသိုလ်များသည် ကျေးလက်ဒေသနှင့် ဆင်းရဲသော အိမ်ထောင်စုမှ ကျောင်းသူကျောင်းသားပေါင်း ၇၀၀၀၀၀ ကျော်ကို သီးသန့်ခေါ်ယူလက်ခံသည်။
■ (င) လူမှုဖူလုံရေးစနစ်ဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက်ခြင်း။
အလုပ်လုပ်နိုင်စွမ်းမရှိ၊ ဥပဒေသတ်မှတ်ချက်အရ ကျွေးမွေးစောင့်ရှောက်သူလည်း မရှိသည့် အိုမင်းမစွမ်းအိမ်ထောင်စု၊ မသန်စွမ်းအိမ်ထောင်စုနှင့် အသက် ၁၆ နှစ် မပြည့်သေးသော မိဘမဲ့လူငယ် များအတွက် တစ်ဦးကို တစ်လလျှင် အခြေခံစားဝတ်နေရေးထောက်ပံ့ကြေး ယွမ် ၅၀၀ ခန့် ပေးသည်။ ၂၀၂၀ ပြည့်နှစ်တွင် အခြေခံစားဝတ်နေရေးထောက်ပံကြေးပေးလျက်ရှိသည့် ကျေးလက်ဒေသဆင်းရဲ သားလူဦးရေမှာ ၃၆ သန်း ရှိသည်။
■ (စ) အရှေ့ပိုင်းဒေသက အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ကူညီခြင်း။
ဒေသအချင်းချင်း ဖွံ့ဖြိုးတိုးတက်ရေးကွာဟမှု လျော့နည်းစေရန်၊ ချမ်းသာသောဒေသများက ဆင်းရဲသောဒေသများကို ကူညီပေးပြီး တစ်နိုင်ငံလုံး အတူတကွချမ်းသာလာစေရန် အရှေ့ပိုင်းဒေသက ပြည်နယ် ၉ ခု၊ မြို့နယ် ၃၄၃ ခု တို့သည် အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသက ပြည်နယ် ၁၄ ခု၊ မြို့နယ် ၅၇၃ ခု တို့အား ကူညီခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အရှေ့ပိုင်းဒေသက ပြည်နယ် ၉ ခုသည် အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသကို ငွေကြေးပေါင်း ၁၀၀.၅ ဘီလျံ ထောက်ပံ့ခဲ့သည်။
■ (ဆ) ဌာနတစ်ခုသည် နေရာဒေသတစ်ခုကို ဆင်းရဲတွင်းမှ လွတ်ကင်းလာစေသည့်အထိ တစိုက် မတ်မတ် ကူညီပေးခြင်း။
နိုင်ငံတော်၏ အစီအစဉ်အရ အစိုးရဌာနများ၊ ပြည်သူ့အဖွဲ့အစည်းများ၊ တပ်ဖွဲ့များ၊ ပြည်သူပိုင် ဖြစ်သည့် ကုမ္ပဏီများ၊ ဆေးရုံများနှင့် ကျောင်းများသည် ဆင်းရဲသည့် မြို့နယ် သို့မဟုတ် ဆင်းရဲသော ကျေးရွာများကို ကူညီသည်။ ဥပမာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဗဟိုအစိုးရလက်အောက်က ဌာနပေါင်း ၃၀၇ ခုသည် ဆင်းရဲသောမြို့နယ်ပေါင်း ၅၉၂ မြို့ကို ကူညီခဲ့သည်။ ထောက်ပံ့ပေးသော ငွေကြေးမှာ ၄၂.၇၆ ဘီလျံ ရှိသည်။ ထို့ပြင် ဆင်းရဲသော မြို့နယ်များသို့ ဗဟိုအစိုးရလက်အောက်က ဌာနများ၏ ဆက်သွယ်မှုဖြင့် ဝင်ရောက်လာသော ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၀၆.၆၄ ဘီလျံ ရှိသည်။ တပ်မတော်သည် ကျေးရွာပေါင်း ၄၁၀၀ ကို ကူညီ၍ ဆင်းရဲသားပေါင်း ၉၂၄၀၀၀ သည် ဆင်းရဲတွင်းမှ လွတ်ကင်းစေခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ စာရေးသူ အလုပ်တာဝန်ထမ်းဆောင်နေသော ကွမ်တုန်းနိုင်ငံခြားဘာသာနှင့် ပြည်ပကုန်သွယ်ရေးတက္ကသလိုလ်ကလည်း ကွမ်းတုန်းပြည်နယ် မြောက် ပိုင်းက ကျေးရွာတစ်ခုကို ကူညီခဲ့သည်။ စိုက်ပျိုးရေးပညာရှင်များ ဖိတ်ခေါ်၍ မျိုးကောင်းကျွဲကောသီးနှင့် ဆေးဖက်ဝင်သစ်ခွပင်များ စိုက်ပျိုးရန် ကူညီပေးသည်။ ထို့ကြောင့် ရွာသူရွာသားများ၏ ဝင်ငွေတိုးပွား လာပြီး ထိုရွာရှိအိမ်ထောင်စုများအနက် အိမ်ထောင်စု ၄၂ စုသည် ဆင်းရဲသောဘဝမှ လွတ်ကင်းလာသည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းမှတစ်ဆင့် ရရှိသော အောင်မြင်မှုရလဒ်များကို တည်တံ့ခိုင်မြဲ စေရန်၊ ဆင်းရဲတွင်းမှ လွတ်ကင်းလာသော မြို့နယ်များနှင့် ပြည်သူများ ပြန်လည်မဆင်းရဲစေရန် နိုင်ငံတော်သည် မြို့နယ်များအတွက် ကူးပြောင်းရေးကာလ ၅ နှစ် သတ်မှတ်ထားပြီး ကူးပြောင်းရေး ကာလအတွင်း ထောက်ပံ့ကူညီပေးရေးဆိုင်ရာ ပေါ်လစီများကို ဆက်လက်ကျင့်သုံးရန်၊ ပြန်လည် ဆင်းရဲနိုင်ခြေများသော အိမ်ထောင်စုများ၏ အခြေအနေကို အခါအားလျော်စွာ စစ်ဆေးပြီး အခက်အခဲ ရှိလျှင် အချိန်မီကူညီပေးနိုင်ရန် လမ်းစဉ်ချမှတ်ထားသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံသည် ၈ နှစ်ကြာ စဉ်ဆက်မပြတ် ကြိုးစားကာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို အောင်မြင်ခဲ့သည်။ သတ်မှတ်ထား သောစံချိန်အရ ဆင်းရဲနိမ့်ကျနေသော ကျေးလက်နေပြည်သူပေါင်း ၉၈.၉၉ သန်းသည် ဆင်းရဲသောဘဝမှ တစ်ယောက်မကျန် လွတ်ကင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆင်းရဲသားတစ်ဦး၏ တစ်နှစ်တာ ပျမ်းမျှအသားတင်ဝင်ငွေမှာ ယွမ် ၁၀၇၄၀ ရှိပြီး သတ်မှတ်ထားသောစံချိန်ကို (၂၀၁၀ ပြည့်နှစ်က ယွမ် ၂၃၀၀ ၏ တန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၄၀၀၀ ခန့်နှင့် ညီမျှသည်) များစွာ ကျော်လွန်သွားခဲ့သည်။ ဆင်းရဲသားတို့သည် ဝမ်းဝအောင် စားနိုင်သည့်အပြင် သားငါးစသော အစားအစာ များကိုလည်း မကြာမကြာစားနိုင်သည်။ တစ်နှစ်ပတ်လုံး ဥတုလေးပါးနှင့် ကိုက်ညီသော အဝတ်အစား များ၊ ဆောင်းတွင်းအအေးဒဏ်ကို ခုခံနိုင်သော စောင်များနှင့် မွေ့ရာများလည်း ရှိသည်။ ဆင်းရဲသော အိမ်ထောင်စုမှ သားသမီးတို့သည် အားလုံးကျောင်းတက်နိုင်သည်။ ဆင်းရဲသားအားလုံးသည် အခြေခံ ကျန်းမာရေးအာမခံ၊ ရောဂါဝေဒနာကြီးအာမခံနှင့် ဆေးဝါးကုသမှုကူညီရေးစနစ် ဟူသော ကျန်းမာရေး ဆိုင်ရာစနစ် သုံးခုတွင် ပါဝင်သဖြင့် ဆင်းရဲသားတို့ ဆေးမကုနိုင်သော ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့သည်။ နေအိမ်များကို ပြုပြင်ဆောက်လုပ်ပေးပြီး ဆင်းရဲသားအားလုံးသည် လုံခြုံသော နေအိမ်များတွင် နေထိုင်နိုင်ခဲ့သည်။
၈ နှစ်အတွင်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကြီးအတွက် တရုတ်ကွန်မြူနစ်ပါတီဝင်နှင့် အစိုးရဝန်ထမ်းပေါင်း ၁၈၀၀ ကျော်သည် အသက်ပေးလှူခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အစိုးရတို့သည် ဘဏ္ဍာငွေ ယွမ်ပေါင်း ၁၆၀၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံ တစ်ဝန်းလုံး၌ ရှိသော အလွန်အမင်းဆင်းရဲနွမ်းပါးမှုများ(absolute poverty)ကို နှစ်ပေါင်း ထောင်ချီ ရှည်လျားသော တရုတ်သမိုင်းတွင် ပထမဦးဆုံးအကြိမ် ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လူနေမှုအဆင့်အတန်းအတော်အတန်မြင့်မမားသောလူမှုအဖွဲ့အစည်းကို ထောင့်စုံဘက်စုံက တည်ထောင် နိုင်ခဲ့သဖြင့် တရုတ်ပြည်သူတို့၏ နှစ်ပေါင်းထောင်ချီသော အိပ်မက်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
၁၉၄၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုခရီးကို ကြည့်လျှင် တရုတ်ကျေးလက်ဒေသနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေသည် ခွဲခြားမရနိုင်အောင် တစ်သားတည်းဖြစ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ လယ်သမားထုကြီးက ကိုယ်ကျိုးစွန့်အားပေးထောက်ခံသည့်အတွက် တရုတ်နိုင်ငံ ကို စက်မှုနိုင်ငံအဖြစ် အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စက်မှုလုပ်ငန်းက စိုက်ပျိုးရေး လုပ်ငန်းကို ပြန်လည်အကျိုးပြုသည့်အတွက် ယနေ့ လယ်သမားများ၏ စားဝတ်နေရေး ကောင်းမွန်လာ ပြီး ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းလည်း အောင်မြင်လာခဲ့သည်။ အပြန်အလှန်အနေနှင့် လယ်သမားများ ဝင်ငွေတိုးလာလျှင် ကုန်စည်လည်ပတ်မှု အားကောင်းလာပြီး နိုင်ငံတော်အတွက်လည်း စီးပွားရေး ပိုမို တိုးတက်လာနိုင်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးပိုမိုတိုးတက်လာလျှင် လယ်သမားထုကြီး အပါအဝင် ပြည်သူတစ်ရပ်လုံး၏ လူနေမှုဘဝအဆင့်အတန်းကို တစ်ဆင့် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် လူနေမှုအဆင့်အတန်းအတော်အတန်မြင့်မားသော လူမှုအဖွဲ့ အစည်းကို တည်ထောင်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံသည် အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေသေး သည်။ အပြည့်အဝမဖွံ့ဖြိုးသေးခြင်းနှင့် ဒေသများအကြား အချိုးကျမျှတစွာ ဖွံ့ဖြိုးမှု မရှိသေးခြင်း ပြဿနာများကို ရင်ဆိုင်နေရသေးသည်။ လုပ်ငန်းအသီးသီး အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသ များအသီးသီး အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကို တတ်နိုင်သမျှအချိုးကျ ညီမျှစေရေးနှင့် ပြည်သူတစ်ရပ်လုံး အတူတကွ ချမ်းသာစေရေး စသည်တို့ကို အကောင်အထည်ဖော်ရန် ပြည်သူများအားလုံး လက်တွဲပြီး ဆက်လက်ကြိုးစားကြရပေဦးမည်။















