ဂါဇာဘက်မှ ဓားစာခံ ၁၂ ဦး ပြန်လွတ်လာပြီး အစ္စရေးဘက်မှ ပါလက်စတိုင်း အကျဉ်းသား ၃၀ ပြန်လွတ်လာ

ဂါဇာဘက်မှ ဓားစာခံ ၁၂ ဦး ပြန်လွတ်လာပြီး အစ္စရေးဘက်မှ ပါလက်စတိုင်း အကျဉ်းသား ၃၀ ပြန်လွတ်လာ
Published 29 November 2023
Ref: AFP

အစ္စရေးနှင့်ဟားမာ့စ်တို့အကြား အပစ်ရပ်စဲရေးကို ကနဦးလေးရက်သတ်မှတ်ထားရာမှ နောက်ထပ်နှစ်ရက်ထပ်တိုးလိုက်ပြီးနောက်၊ နိုဝင်ဘာ ၂၈ ရက်တွင် ဂါဇာဘက်မှ ဓားစာခံ ၁၂ ဦးထပ်လွတ်လာပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၀ ကို ထပ်လွှတ်ပေးလိုက်သည်။

အစ္စရေးနှင့်ဟားမာ့စ်ပဋိပက္ခတွင် ကာတာ နိုင်ငံမှ ကြားဝင်စေ့စပ်ပေးထားပြီး ၊ "တည်တံ့တဲ့အပစ်ရပ်စဲရေးဖြစ်ဖို့ မျှော်လင့်ပါတယ်။ဒါမှပဲ နောက်ထပ်ညှိနှိုင်းမှုတွေပြုလုပ်နိုင်ပြီး နောက်ဆုံးမှာ ဒီစစ်ပွဲကို အဆုံးသတ်နိုင်မှာ" ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ်က ဒိုဟာသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင် ဂါဇာဘက်မှ အစ္စရေးဓားစာခံ ၁၀ ဦးနှင့် ထိုင်းဓားစာခံနှစ်ဦး ပြန်လွတ်လာသည်။

ပြန်လွတ်လာသည့် အစ္စရေးဓားစာခံအားလုံးက အမျိုးသမီးများဖြစ်ပြီး နှာခေါင်းစည်းဝတ်ထားသည့် လက်နက်ကိုင်ဟားမာ့စ်အဖွဲ့ဝင်များက ဓားစာခံများအား အီဂျစ်နယ်စပ်အနီး ရာဖာနယ်စပ်ဂိတ်တွင် ကြက်ခြေနီအဖွဲ့ဝင်များထံ လွှဲပြောင်းပေးခဲ့သည်။ ပြည်တွင်းမီဒီယာတစ်ခုဖော်ပြချက်အရ နိုဝင်ဘာ ၂၉ ရက်တွင် ထပ်လွတ်လာမည့် ဓားစာခံများစာရင်းကိုလည်း အစ္စရေးအစိုးရက ရထားသည်။

သဘောတူညီမှုအရ လက်ရှိအချိန်အထိ ဂါဇာဘက်မှပြန်လွတ်လာသူများမှာ အစ္စရေးဓားစာခံ ၆၀ ၊ ရုရှား-အစ္စရေးကပြားတစ်ဦး ၊  ထိုင်းဓားစာခံ ၂၀ နှင့် ဖိလစ်ပိုင်ဓားစာခံတစ်ဦးတို့ဖြစ်သည်။

အလဲအလှယ်အနေဖြင့် အစ္စရေးဘက်မှလည်း ပါလက်စတိုင်းအကျဉ်းသား ၁၈၀ ပြန်လွှတ်ပေးထားပြီဖြစ်ပြီး ၄င်းတို့ အားလုံးမှာ အမျိုးသမီးများနှင့် အသက်မပြည့်သေးသူများဖြစ်သည်။

 

 

Most Read

Most Recent