အစ္စရေးသို့ သွားလည်ခဲ့သည့် အီလွန်မတ်စ်အား ဂါဇာသို့ လာရောက်ရန် ဟားမာ့စ်အဖွဲ့ဖိတ်ခေါ်

အစ္စရေးသို့ သွားလည်ခဲ့သည့် အီလွန်မတ်စ်အား ဂါဇာသို့ လာရောက်ရန် ဟားမာ့စ်အဖွဲ့ဖိတ်ခေါ်
Published 29 November 2023

 အမေရိကန်ဘီလျံနာ အီလွန်မတ်စ် အစ္စရေးနိုင်ငံသို့ရောက်သွားပြီး အစ္စရေးဝန်ကြီးချုပ်နှင့်တွေ့ပြီးနောက် ဟားမာ့စ်ဘက်ကလည်း ဂါဇာကမ်းမြောင်ဒေသသို့ အခြေအနေ လာရောက်ကြည့်ရှုရန် အီလွန်မတ်စ်အား  ဖိတ်ခေါ်လိုက်သည်။

အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂါဇာအတွင်း ပျက်စီးနေမှု အခြေအနေများကို မြင်တွေ့အောင် အီလွန်မတ်စ်အား ဂါဇာသို့လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်း ဟားမာ့စ်အကြီးတန်းအရာရှိ အိုစမာဟမ်ဒန်က နိုဝင်ဘာ ၂၈ ရက်က လက်ဘနွန်နိုင်ငံ၊ မြို့တော်ဘေရွတ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်တွင် မတ်စ်က ဟားမာ့စ်အဖွဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့သည့် အစ္စရေးနေရာများသို့ ဝန်ကြီးချုပ်နေတန်ရာဟုနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကာ ဆိုရှယ်မီဒီယာတွင် အမုန်းစကားများပြန့်ပွားနေမှုကို ကာကွယ်ရန် လိုအပ်သမျှဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။

ဂျူးဆန့်ကျင်မှုများကို တားဆီးကာကွယ်ရန် မတ်စ်က အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသည်ဟု အစ္စရေးသမ္မတ အိုင်းဆက်ဟားဇော့ကလည်း ပြောကြားထားသည်။

မတ်စ်၏ အစ္စရေးခရီးစဉ်အတွင်း  အစ္စရေးနှင့်ဂါဇာဒေသတို့တွင် အစ္စရေးအစိုးရ၏ခွင့်ပြုချက်ဖြင့်သာ စတားလင့်ခ် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဆိုသည့် သဘောတူညီမှုတစ်ရပ် ရခဲ့ကြသည်။

Most Read

Most Recent