ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် ထိုင်းဓားစာခံ ၁၇ ဦး နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု တာဝန်ရှိသူများ ပြောကြား

ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် ထိုင်းဓားစာခံ ၁၇ ဦး နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု တာဝန်ရှိသူများ ပြောကြား
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်းအရာရှိတစ်ဦး (လယ်) နှင့် ပြန်လည်လွတ်မြောက်လာသည့် ထိုင်းဓားစာခံများကို တွေ့ရစဉ်(Photo-AFP)
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်းအရာရှိတစ်ဦး (လယ်) နှင့် ပြန်လည်လွတ်မြောက်လာသည့် ထိုင်းဓားစာခံများကို တွေ့ရစဉ်(Photo-AFP)
Published 29 November 2023

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် ထိုင်းဓားစာခံ  ၁၇ ဦးသည် နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု အရာရှိများက ပြောကြားခဲ့သည်။

အစ္စရေးကို နယ်စပ်ဖြတ်ကျော်ဝင် ရောက်တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများထဲတွင် ထိုင်းနိုင်ငံသား ၁၃ ဦးခန့် ကျန်ရှိနေကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသား ၁၇ ဦးသည် နိုဝင်ဘာ ၃၀ ရက် မွန်းတည့်ချိန်တွင် ဘန်ကောက်မြို့တော်သို့ ရောက်ရှိလာလိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် အ တည်ပြုခဲ့သည်။

အဆိုပါထိုင်းနိုင်ငံသားများသည် ယခု သီတင်းပတ်အစောပိုင်းက အစ္စရေးသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနျူကာရာနှင့်အတူ ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။

ကာတာ၊ အီဂျစ်နှင့် အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုတိုဖြင့် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေးစတင်သည့် နိုဝင်ဘာ ၂၄ ရက်တွင် ဟားမာ့စ်အဖွဲ့သည် ထိုင်းနိုင်ငံသား ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ဟားမာ့စ်အဖွဲ့က ထိုင်းနိုင်ငံသား ခုနစ်ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။

လွတ်မြောက်လာခဲ့သည့် ထိုင်းနိုင်ငံသားများသည် အစ္စရေးရှိ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ၎င်းင်းတို့အား ပြန်လည် ခေါ်ဆောင်ရန်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု ထိုင်းအရာရှိများက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်က နောက်ထပ်ထိုင်း ဓားစာခံ နှစ်ဦးပြန်လည်လွတ်မြောက်လာခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် အစ္စရေးရှိ ဆေးရုံမှာပင် ဆေးဝါးကုသမှုခံယူ ရမည်ဖြစ်သဖြင့် ထိုင်းနိုင်ငံကို နောက်ကျမှ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု အရာရှိ များက ဆိုသည်။

“ဟားမာ့စ်အဖွဲ့လက်ထဲက အရင်ဆုံး လွတ်မြောက်လာခဲ့တဲ့ ထိုင်းဓားစာခံ ၁၇ ဦး ဟု နောက်ဆုံးလွတ်မြောက်လာခဲ့သူနှစ်ဦးကို နွေးထွေးစွာကြိုဆိုပြီး အားပေးနှစ်သိမ့်နေတာကို မြင်ရတာ အရမ်းပီတိဖြစ်မိပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထိုင်းသို့ပြန်လည်ရောက်ရှိလာမည့်သူများသည် အောက်တိုဘာ ၇ ရက်က အစ္စရေးတွင် လူ ၁၂၀၀ သေဆုံးခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများအတွင်း ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသည့် ဓားစာခံများထဲတွင် ပါဝင်ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကို အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများပြုလုပ်ခဲ့သဖြင့် ဂါဇာတွင် လူပေါင်း ၁၅၀၀၀ နီးပါး သေ ဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်တွင် အစ္စရေးနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၃၀၀၀၀ ခန့်ရှိခဲ့သည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား ၃၉ ဦးသေဆုံးခဲ့ပြီး ၁၉ ဦးဒဏ်ရာရခဲ့ကာ အစ္စရေးမှ ထိုင်းနိုင်ငံသား ၈၅၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်တွင် လေးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ပြီးနောက်ပိုင်း ဟားမာ့စ်အဖွဲ့သည် ဓားစာခံများကို နေ့စဉ်နှင့်အမျှ ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ၎င်းတို့ထိန်းသိမ်းထားသော ပါလက်စတိုင်းအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

နောက်ထပ် ဓားစာခံ ၁ဝဦးစီကို လွှတ်ပေးတိုင်း အပစ်အခတ်ရပ်စဲမှုကို တစ်ရက်စီ သက်တမ်းတိုးသွားမည်ဟု အစ္စရေးက ပြောကြားခဲ့သည်။                          Ref:AFP

Most Read

Most Recent