မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ နှင့် ကျိုက်ထိုမြို့နယ် ကျိုက်ထိုမြို့တို့တွင် နိုဝင်ဘာ ၂၁ ရက်က ရွှေအတုများအား အုပ်စုဖွဲ့ကာ လိုက်လံပေါင်နှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် သုံးရက်ခန့်က ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ရှိ ရွှေပန်းတိမ်ဆိုင်တစ်ဆိုင်သို့ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ရွှေထည်ပစ္စည်း တချို့ ပေါင်နှံကာ ရင်းနှီးမှုယူပြီးနောက် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ယင်းအမျိုးသမီးနှင့်အတူ အမျိုသား သုံးဦးထပ်မံရောက်ရှိလာပြီး ရွှေဆွဲကြိုး၊ ရွှေဟမ်းချိန်းများအပါအဝင် ရွှေထည်ပစ္စည်း ရှစ် မျိုးအား ထပ်ခံပေါင်နှံခဲ့ကြ သည်ဟု သိရကြောင်း ယင်းရွှေပန်းတိမ်ဆိုင် နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရွှေတွေကို မှတ် ကျောက်တိုက်ကြည့်တော့ အမှန်လိုဖြစ်နေ တာ တဲ့။ သူတို့ထွက်သွားပြီးမှ မသင်္ကာလို့ အပေါင်ခံထားတဲ့ ရွှေထည်တွေကို ထပ်စစ် ကြည့်တော့မှ အထဲမှာ ကြေးတွေအစာသွပ် ထားတာမှန်း သိလိုက်ရတာလို့ ပြောတယ်” ဟု ၎င်းင်းကဆက်လက်ပြောကြားသည်။
ယင်းရွှေထည်ပစ္စည်းအတု ရှစ် မျိုးအား ကျပ်သိန်း ၁၀၀ ကျော်ဖြင့်လိမ်လည်ပေါင်နှံ သွားသည်ဟု သိရကြောင်း၎င်းင်းကဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နစ်နာသူများက သက်ဆိုင်ရာသို့သွားရောက်တိုင် တန်းကာ အမှုဖွင့်ထားကြောင်း နှင့် သက်ဆိုင်ရာက လည်း ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
အလားတူ ကျိုက်ထိုမြို့တွင်လည်း နိုဝင် ဘာ ၂၁ ရက် မွန်းလွဲပိုင်းအချိန်က ကားတစ်စီး ဖြင့် လူများရောက်ရှိလာကြပြီးနောက် ရွှေ ဆိုင်များသို့ဝင်ရောက်ကာ ရွှေထည်ပစ္စည်း အတုများအား ပေါင်နှံရန်ကြိုးစားခဲ့ကြသေး ကြောင်း ရွှေဆိုင်ဝန်ထမ်းများ၏ ပြောကြား ချက်များအရ သိရသည်။
“လူအများကြီး ကားနဲ့လာကြတယ်။ နောက်ပြီး လူခွဲပြီးတော့ ရွှေဆိုင်တွေကို လှည့် ပြီး ရွှေထည်ပစ္စည်းတွေလိုက်ပေါင်နေကြတာ မျိုးတွေ့ရတယ်။ သူတို့က ရွှေဆွဲကြိုးနဲ့ ရွှေ ဟန်းချိန်းတွေကို လာပြကြတယ်” ဟု ကျိုက်ထိုမြို့မှ ရွှေဆိုင်ဝန်ထမ်းတစ်ဦးက ပြောကြား သည်။
၎င်းကဆက်လက်ပြီး “ရွှေထည် ပစ္စည်း တွေကို အပေါ်ယံကြည့်လိုက်ရင် ၁၂ ပဲရည် ရွှေ တွေလို့ထင်ရပေမယ့် ထဲမှာကအတုတွေ ပါ။ ရွှေထည်တွေကို ဖွဖွလေးတိုက်ကြည့်ရင် တော့ မသိသာပေမယ့်၊ ခပ်နာနာလေး တိုက် ကြည့်မှ အထဲကကြေးတွေ ပေါ်လာတယ်။ အဲ့ဒါကို မသိတဲ့လူတွေကတော့ ရွှေအတုကို အပေါင်ခံမိကြတာမျိုးဖြစ်တတ်ပါတယ်” ဟု ပြောကြားသည်။
မွန်ပြည်နယ်အတွင်း လုယက်မှုများ၊ ခိုး မှုများနှင့် အလိမ်ခံရသည့် အမှုများအား သက်ဆိုင်ရာက ထိထိရောက်ရောက် အရေး ယူကိုင်တွယ်နိုင်ခြင်းမရှိသည့် ကျူးလွန်သူ များအနေဖြင့် ပိုမိုအတင့်ရဲလာကြကြောင်း လည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















