နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများအား စိစစ်ဖော်ထုတ်ပြီး လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၈၅၉ ဦးအား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲ ပြောင်းပေးအပ်မှုအခြေအနေမျာနှင့်ပတ်သက်၍ " ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်( အရှေ့မြောက်)ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှု ပြဿနာများနဲ့ပတ်သက်ပြီး တရားမဝင် ဝင်ရောက်နေထိုင်သည့်လူများ ရှာဖွေဖော်ထုတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ လွှဲပြောင်းပေးတာတွေ ဆောင်ရွက်လျက် ရှိပါတယ်" ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်တွင် နယ်စပ်ဒေသများ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၈၅၉ ဦးအား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှ လက်ရှိအချိန်အထိ တရားမဝင် ဝင်ရောက်နေထိုင်သူ အမျိုးသား ၁၇၃၃ ဦး၊ အမျိုးသမီး ၁၈၅ ဦး၊စုစုပေါင်း ၃၉၁၈ ဦးအား လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒီအထဲမှာ တရုတ်က လိုချင်တဲ့သူတွေ မပါတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက်နေတယ်ဆိုတဲ့၊ တိုက်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံတွေ၊ ဒါတွေသည် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အထူးသတိပြုရမယ့် အချက်တွေဖြစ်ပါတယ်။ သူတို့လိုချင်တာက နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားပြီး မြန်မာတစ်နိုင်ငံလုံးမှာ ပျက်စီးစေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
နယ်စပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းကိစ္စရပ်များအပေါ် သတင်းအမှားထုတ်လွှင့်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ပြည်သူလူထုအကြား အထင်အမြင်လွဲစေရေး ဆောင်ရွက်နေခြင်းများရှိကြောငးလည်း နစကမှ ထုတ်ပြန်ထားသည်။
အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။















