မောင်တောနယ်စပ်ဒေသတွင် တာဝန်ကျ ဆရာ၊ ဆရာမများအတွက် အဆောင်စတင်ဆောက်လုပ်

မောင်တောနယ်စပ်ဒေသတွင် တာဝန်ကျ ဆရာ၊ ဆရာမများအတွက် အဆောင်စတင်ဆောက်လုပ်
Published 29 December 2016
သားရွှေဦး (ကစ္ဆပ)

မောင်တောနယ်စပ်ဒေသတွင် တာဝန်ကျဆရာ၊ ဆရာမများအတွက် အဆောင်ဆောက်လုပ်မှု စတင်နေပြီဖြစ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လက်ရှိတွင် ဆရာ ဆရာမများအတွက် အဆောင်များကို စတင်ဆောက်လုပ်နေရာ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာတွင် ငါးလုံး၊ တမန်းသားကျေးရွာတွင် သုံးလုံးနှင့် ဆင်သေပြင်ကျေးရွာတွင်  တစ်လုံးကို နတလအစီအစဉ်ဖြင့် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာများတွင် ဆရာမများနေထိုင်ရန် အဆောင်လိုအပ်ချက် ရှိနေကြောင်းနှင့် အဆောင် ဆောက်လုပ်ပေးရန် တင်ပြတောင်းခံထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။
“ဆရာ၊ ဆရာမတွေအတွက် အဆောင်တွေကို နတလ အစီအစဉ်နဲ့ စဆောက်နေပြီ။ ကြိမ်ချောင်း။ အောင်စစ်ပြင်။ တမန်းသား စတဲ့ရွာတွေမှာ ဆောက်နေပြီ။ ကျေးရွာတွေမှာ ဆရာ ဆရာမအဆောင်တွေ လိုအပ်ချက်ကိုလည်း နိုင်ငံတော်ကိုလည်း တင်ပြထားတယ်”ဟု မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။
မြင်းလွှတ်မြို့စုရပ်ရှိ ဆရာမအဆောင်များကို နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၁၇ ရက်တို့တွင် မီးရှို့ဖျက်ဆီး ခံခဲ့ရသည့်အတွက် ဆရာမများ မနေရဲတော့ဘဲ လက်ရှိတွင် ဥဒေါင်း စံပြရခိုင်တိုင်းသားကျေးရွာတွင် ဆရာများကို စုရပ်သတ်မှတ် နေရာချထားကြောင်း သိရသည်။
မောင်တောနယ်စပ်ရှိ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ နေထိုင်ရန် အဆောင်များကို သင့်လျော်သည့် နေရာများ၌ တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် အဆောင်မရှိသည့် ဆရာများအတွက် နယ်ခြားစောင့်ရဲစခန်းရှိ လိုင်းခန်းအချို့တွင် နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ရဲစခန်းမရှိသည့် ကျေးရွာများ၌ နေအိမ်များ ဆောက်လုပ်ရန် ညှိနှိုင်းထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဒီဇင်ဘာ ၁၀ ရက်တွင် မောင်တောခရီး၌ ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဆရာ၊ ဆရာမများအား လုံခြုံရေးရှိသော စုရပ်များတွင် နေရာလျာထားကာ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သိရသည်။
မောင်တောနယ်စပ်ဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်းက အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် ကျေးလက်ဒေသများ၌ တာဝန်ထမ်းဆောင်နေသော ဆရာများကို လုံခြုံသည့်နေရာများသို့  ပြောင်းရွှေ့ပေးခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ ကျေးလက်ဒေသများတွင် ပြန်လည် တာဝန်ထမ်းဆောင်စေခဲ့သည်။