၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦးဒဏ်ရာရ

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦးဒဏ်ရာရ
Published 26 December 2016

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကာ မိုင်းကြောင့်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် နေရာမှာ မိုးကောင်းမြို့နယ် ဆားမှော်ဒေသ၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသ၊ မိုးညှင်းဒေသဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ မိုင်းကြောင့် ဒဏ်ရာရသူများကို ကူညီနေသည့် ရပ်မိရပ်ဖတစ်ဦးက “မိုင်းကိစ္စက တောင်သူတွေခုထိ ကြောက်ရတုန်းပါ။ စစ်ရေးလှုပ်ရှားမှု ပေါ်မှာလည်းမူတည်တယ်။ ၂၀၁၁ ခုနှစ်က မစသေးဘူး။ ၂၀၁၂ ခုနှစ်မှာ မိုင်းနင်းမိပြီး သေတာတွေဖြစ်တာ။ ကျွန်တော်တို့ရွာကပဲ ရှမ်းခြောက်ဦး၊ ကချင်သုံးဦး ကိုးဦးရှိပြီ သေတာ။ခြေပြတ်တာက နှစ်ဦး သုံးဦး။ ဒဏ်ရာရတာ တစ်ဆယ်ကျော်။ မိုင်းထိတာ အားလုံး ၂၀ ပေါ့။ ဘယ်သူကမှလည်း ထိထိရောက်ရောက် ကူညီတာမရှိပါဘူး။ ကချင်ပြည်နယ်အစိုးရက တစ်ခါလာတယ်။ ကြံ့ခိုင်ရေးကလည်း ကူညီတာတွေ့တယ်။ တပ်မတော်ဘက်ကတော့ မိုင်းထိတာနဲ့ ကူညီပေးတယ်။ မိုင်းက ကေအိုင်အေမိုင်းလို့ ကျွန်တော်တို့ သုံးသပ်တယ်။ တွေ့ရတာ လက်လုပ်မိုင်းတွေပဲများတယ်။ စစ်ကြောင်း လမ်းကိုထောင်တာပေါ့။ ကေအိုင်အေက ပြောက်ကျားလိုတိုက်တော့ လူအားထက် မိုင်းအားပဲတွေ အသုံးများတယ်။ လယ်၊ အင်းသွား ရာလမ်းကြောင်းဆိုရင် ဆင်းရဲတဲ့လူတွေ အထိများတာပဲ။ ကျွန်တော်တို့ ပြောချင်တာက မိုင်းအသိပညာပေးအဖွဲ့တွေလည်း တစ်ခါမှမလာတာကို အံ့သြနေတာ။ အခုလပိုင်းကတော့ တောင်သူတွေကလည်း မိုင်းကိုသတိထားသွား လာနေကြတော့ တိုက်မိတာမရှိဘူး” ဟု ပြောကြားသည်။
မိုင်းထောင်ပေါက်ကွဲမှုများကြောင့် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ တောင်သူများနှင့် ဆင်ဘိုကျေးရွာမှ တောင်သူများက တောင်ကြောအနီးရှိ လယ်ကွင်းများမှာ လယ်ဧကရာနှင့်ချီ စွန့်လွှတ်ခဲ့ရပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးသို့ မိုင်းများရှင်းလင်းပေးရန် တောင်ဆိုမှုများ ၂၀၁၅ ခုနှစ်အတွင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲမှတ်တမ်းနှင့် ဒေသတွင်း မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်အစိုးရရုံး မှတ်တမ်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နောက်ဆုံး အချိန်အထိ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် အရပ်သား မိုင်းထိဒဏ်ရာရရှိသူ ၂၃၁ ဦး၊ သေဆုံးသူ ၅၈ ဦးအထိရှိလာကြောင်း၊ သေနတ်မှန်ဒဏ်ရာဖြင့် ဒဏ်ရာရ ၄၅ ဦး၊ သေဆုံးသူ ၃၆ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent