ဗိုလ်တထောင်ဘုရားနှင့် သက်ဆိုင်သော ငွေကျပ် သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲခံရသူအမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချ

ဗိုလ်တထောင်ဘုရားနှင့် သက်ဆိုင်သော ငွေကျပ် သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲခံရသူအမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချ
Published 26 December 2016
နေမျိုးဝင်း

ဗိုလ်တထောင်ဘုရားနှင့် ဆိုင်သော ငွေကျပ် သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲခံထားရသူ အမျိုးသားတစ်ဦးကို အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ဒီဇင်ဘာ ၂၆ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်နှင့်ထောင်ဒဏ် ကျခံရသူမှာ ဗိုလ်တထောင်ဘုရား ဂေါပကရုံး အဖွဲ့ရုံးအဖွဲ့မှူး ဦးတင်ထွန်းအောင်ဆိုသူ ဖြစ်ပြီး ဘုရားကြီးရန်ပုံငွေ ငွေစာရင်းခေါင်းစဉ်များထဲမှ ယာဉ်ရပ်နားခအပါအဝင် အခြားရရှိငွေများ ဖြစ်သည့် ကျပ် ၇၄၂ သိန်း ကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ဆိပ်ကမ်းမြို့နယ်ရှိ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးတင်ထွန်းအောင်ဆိုသူကို ဘုရားပိုင်ငွေ ကျပ်သိန်း ၇၀၀ ကျော်ကို ဘဏ်သို့ လစဉ်မအပ်ဘဲ အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ အလှည့်ကျဂေါပက တစ်ဦးဖြစ်သည့် ဒေါက်တာအေးကျော်မှ အမှုဖွင့် တိုင်ကြားသဖြင့် ဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၄၅၀/ ၂၀၁၅၊ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးတင်ထွန်းအောင်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆိပ်ကမ်းမြို့နယ် တရားရုံးသို့ ပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ အများပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ ဖြင့် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                           

Most Read

Most Recent