တူရကီသည် လွတ်လပ်သော မီဒီယာများကို တိတ်ဆိတ်အောင် လုပ်နေသည်ဟု HRW ပြောကြား

တူရကီသည် လွတ်လပ်သော မီဒီယာများကို တိတ်ဆိတ်အောင် လုပ်နေသည်ဟု HRW ပြောကြား
Published 15 December 2016

လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က တူရကီသည် မအောင်မြင်ခဲ့သည့် ဇူလိုင်လ အာဏာသိမ်းမှု ပြီးနောက် အကြီးအကျယ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုနှင့် စိစစ်မှုများကို ကာကွယ်ရန်အတွက် လွတ်လပ်သော မီဒီယာများကို တိတ်ဆိတ်သွားအောင် ပြုလုပ်နေသည်ဟု ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အစီရင်ခံစာ တစ်ခုတွင် အမေရိကန် အခြေစိုက် HRW က တူရကီ၏ ဝေဖန်မှုဆိုင်ရာ ဂျာနယ်လစ်ဇင်ကို နှိပ်ကွပ်မှုသည် သမ္မတရီဆပ်တေယစ် အာဒိုဂန်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း အရှိန်မြင့်လာခဲ့ကြောင်း၊ သို့သော် ယင်းကိစ္စသည် အစောပိုင်းနှစ်များစွာ ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခု နှစ်နောက်ပိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
HRW က ဂျာနယ်လစ်များသည် အသက်ရှူကျပ်နေသော ဝန်းကျင်၌ လုပ်ကိုင်နေရပြီး အစိုးရက ဖော်ပြရန် မလိုလားသော သတင်းအကြောင်းအရာများ အတွက် နေရာများ အလျင်အမြန် ကျုံ့ဝင်လာနေကြောင်း  ပြောကြားခဲ့သည်။
တူရကီအစိုးရကမူ ၎င်းတို့သည် စာနယ်ဇင်းများ သို့မဟုတ် ဂျာနယ်လစ်များကို တိုက်ခိုက်မှုမရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပြဿနာ မရှိဟုလည်း ပြောကြားလေ့ရှိသည်။ ယခုအချိန်အထိ HRW ၏ အစီရင်ခံစာကို တူရကီအစိုးရက ချက်ချင်းတုံ့ပြန်မှု မရှိသေးပေ။
ဇူလိုင်လလယ်မှစ၍ အာဏာသိမ်းမှုနောက်ပိုင်း အရေးပေါ်အခြေအနေ ကြေညာချက်အောက်၌ ချမှတ်လိုက်သော စည်းမျည်း စည်းကမ်းများအရ မီဒီယာ ၁၄၀ နှင့် ထုတ်ဝေရေးဌာန ၂၉ ခုတို့သည် ပိတ်ပင်ခြင်းခံခဲ့ရပြီး ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်း ၂၅၀၀ ကျော်ကို အလုပ်လက်မဲ့ ဖြစ်သွားစေခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် အရေးပေါ်အခြေအနေ ကြေညာချက်ကို နောက်ထပ်သုံးလ သက်တမ်းတိုးခဲ့သည်။
အရေးပေါ် အခြေအနေ ကြေညာချက် အမိန့်တစ်ခုတည်း အောက်၌ပင် အစ္စလာမ် တရားဟောဆရာ ဖေသူလာဂူလင်နှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲခံရသော မီဒီယာ ၁၃၁ ခု ပိတ်လိုက်ရသည်။ တူရကီအစိုးရက ဖေသူလာဂူလင်သည် အာဏာသိမ်းမှုကို အမိန့်ပေးခဲ့သည်ဟု စွပ်စွဲထားသည်။
တူရကီနိုင်ငံမှ ထွက်ပြေးလျက် ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် နေထိုင်သော ဂူလင်က ယင်းစွပ်စွဲမှုများကို အပြင်းအထန် ငြင်းဆိုထားသည်။
တူရကီအစိုးရ၏ နှိမ်နင်းမှုများသည် အာဏာသိမ်းရန် စီစဉ်ခဲ့သူများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံရသော မီဒီယာများအပေါ် သာမက ကာ့ဒ်လိုလားသော မီဒီယာများနှင့် အစိုးရကို ဝေဖန်သည့် လွတ်လပ်သော မီဒီယာများ အပေါ်ပါ သက်ရောက်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။
ယင်းကဲ့သို့သော မီဒီယာမျိုး ၁၄ ခုခန့် ပိတ်ပစ်ခဲ့ရပြီး တူရကီရှိ လူနည်းစုဖြစ်သော ကာ့ဒ်လူမျိုးများကို ကိုယ်စားပြုသည့် မီဒီယာအားလုံး ထိထိရောက် ဖယ်ရှားခံခဲ့ရကြောင်း HRW ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Ref : AFP

Most Read

Most Recent